နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားမလုံလောက်သဖြင့် ရက် ၃၀ ခွဲတမ်းစနစ် ကျင့်သုံးမည်ဖြစ်ကြောင်းဗင်နီဇွဲလားသမ္မတနီကိုလက်စ် မာဒူရိုကမတ် ၃၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတစ်ဝန်းဓာတ်အားပြတ်တောက်မှုကြောင့် ရေပေးဝေမှုစနစ်များလည်းထိခိုက်ခဲ့သလို၊ ဆက်သွယ်ရေးစနစ်များလည်း ပြတ်တောက်ခဲ့ရသည်။
ဓာတ်အားခွဲတမ်းစနစ် ကျင့်သုံးမည်ဟုသမ္မတမာဒူရိုက နိုင်ငံတော်ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ပြီး၊ ဓာတ်အားမလုံလောက်မှုကိုအကြောင်းပြု၍ နိုင်ငံတွင်းမတည်ငြိမ်အောင် လှုံ့ဆော်ခြင်းမပြုရန်လည်း သတိပေးလိုက်ကြောင်းတွေ့ရသည်။
အများပြည်သူအခြေခံဝန်ဆောင်မှုများကိုပင် မဖြည့်ဆည်းပေးနိုင်သောအစိုးရကိုဆန့်ကျင်ဆန္ဒပြကြရန် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကမတ် ၃၁ တွင် နှိုးဆော်မှုကြောင့်လည်း မြို့တော် ကရာကတ်စ်အပါအဝင် မြို့အများအပြားတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများပေါ်ပေါက်လျက်ရှိသည်။
ပြည်သူအများအပြားသည် နေအိမ်ပြတင်းပေါက်များတွင် တေ့ကာအိုးများခွက်များခေါက်လျက် သမ္မတမာဒူရိုကိုကျိန်ဆဲခဲ့ကြသလို၊ လမ်းများပိတ်ဆို့၊ အမှိုက်များမီးရှို့လျက်လည်း ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲများကိုရဲများကတားဆီးခြင်းမရှိသော်လည်း၊ “ကိုလက်တီဗို” ဟုခေါ်တွင်သည့် အစိုးရအလိုတော်ရိလူအုပ်များကဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ဆန္ဒပြသူများကိုရန်ပြု ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်းများလည်း ရှိနေသည်။
နိုင်ငံတစ်ဝန်းဓာတ်အားပြတ်တောက်အောင် ပြည်တွင်းမှအတိုက်အခံများနှင့် အမေရိကန် ပေါင်းကြံခြင်းဖြစ်ကြောင်းသမ္မတမာဒူရိုကစွပ်စွဲထားပြီး၊ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကမူအစိုးရအကျင့်ပျက်ခြစားမှု၊ အရည်အချင်းမမီမှုများကြောင့် ဓာတ်အားစနစ် နှစ်ပေါင်းများစွာချည့်နဲ့ခဲ့ခြင်းရလဒ်အဖြစ် ဓာတ်အားများ ပြတ်တောက်နေခြင်းသာဖြစ်ကြောင်းတန်ပြန်စွပ်စွဲထားသည်။

















