အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ထွက်ပြေးသူ ဆင်ဦးစီး အဖမ်းခံရ

အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ထွက်ပြေးသူ ဆင်ဦးစီး အဖမ်းခံရ

အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ထွက်ပြေးသူ ဆင်ဦးစီးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုသာပေါင်းမြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၂၉ ရက် ည ၉ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ သပြေကုန်း ကျေးရွာနေ ဦးကျော်အေးသည် သစ်ဖြူရွာအနီး တံတောင်ကျိုးတောအတွင်းသို့ မတ် ၂၂ ရက်၌ ကြိမ်ခုတ်ရန်သွားခဲ့သည်။

၎င်းက နေအိမ်သို့ ပြန်ရောက်စဉ် အိမ်ရှေ့အဝင် ရေကပြင်၌ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အေးမှာ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် အနီးတွင်နေထိုင်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးတိုင်ကြားချက်အရ သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူးမြင့်လွင်နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အလောင်းတွင်လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး နေအိမ်အိပ်ခန်းခေါင်းရင်း အိပ်ယာဘေးတွင် "အေးဆေးဘဲ" စာတမ်းပါအနက်ရောင် လျှာထိုး ဦးထုပ်တစ်လုံးကိုသက်ဆိုင်ရာက တွေ့ရှိခဲ့သည်။

ထို့ပြင် နေအိမ်အရှေ့ဘက် တစ်ဖာလုံခန့်အကွာ လမ်းဝဲဘက်ခြုံပုတ်ပေါ်တွင် စစ်စိမ်းရောင် ဘောင်းဘီရှည်တစ်ထည်နှင့် အရှေ့ဘက်တွင် ကျိုက်ထီးရိုးစာတမ်းနှင့်ကျောဘက်တွင် ကျိုက်ထီးရိုး အမှတ် တရ စာတမ်းပါ ခေါင်းစွပ်တီရှပ်အနက်ရောင်အင်္ကျီ တစ်ထည်တို့ကိုတွေ့ရှိသဖြင့် သာပေါင်း နယ်မြေရဲစခန်းက (ပ) ၃၁၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ သည်။

အခင်းဖြစ်ရပ်နှင့် နေအိမ်ပတ်ဝန်းကျင်အနီးတို့မှသိမ်းဆည်းရမိခဲ့သည့် အဝတ် အစားများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ မတ် ၃၀ ရက် ညနေ ၅ နာရီခန့်တွင် အမှုဖြင့်မသင်္ကာသူ သပြုဆင်ဝိုင်း၌ ဆင်ဦးစီးလုပ်ကိုင်သူ ခိုင်ဇော်ထွန်း ( ၃၁ နှစ်)ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဖမ်းဆီးစဉ် ခိုင်ဇော်ထွန်း၏ ယာနံဘေးနှင့် လည်ပင်းတွင် လက်သည်းဖြင့်ကုတ်ခြစ်ထားသည်ဟု ယူဆရသည့် ပွန်းခြစ်ဒဏ်ရာနှင့် ယာဒူးပွန်းစုတ်ဒဏ်ရာတို့ ရရှိ ထားသည်ကိုတွေ့ရှိခဲ့သည်။

၄င်းသည် မတ် ၂၉ ရက်နံနက်ပိုင်းတွင် သပြေကုန်းရွာရှိ စိုက်ခင်းများကို သွားရောက်ကြည့်ရှုခဲ့စဉ် ဒေါ်မြင့်မြင့်ခိုင်၏ နေအိမ်အနီးအရောက် ၎င်းက ခွေးကိုသတ်ဖြတ်ခိုးစား သည်ဟု စွပ်စွဲပြောဆိုသံကို ကြားခဲ့ရကြောင်း၊ အဆိုပါနေအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး သေဆုံးသူကို ဘာဟင်းချက်လဲဟု မေးမြန်းခဲ့ကြောင်း၊ ၄င်းဆီမှ စကားပြန်ပြောသံမကြားရသဖြင့် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ရေနွေးတစ်ခွက်သောက်ခဲ့ပြီး ပတ်ဝန်းကျင်အခြေအနေကြည့်ရှုကာ ဓါးဖြင့် လည်ပင်းကိုလှီးခဲ့ကြောင်း၊ ထို့နောက် သွေးများပေနေသည့် အဝတ်အစားများကို လမ်းတွင် ချွတ်၍ လွှတ်ပစ်ခဲ့ ကြောင်း၊ အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် ဓါးကို နေအိမ်မီးဖိုချောင်အတွင်း ဝှက်ထားကြောင်းထွက်ဆိုခဲ့သည်။

သက်ဆိုင်ရာက ခိုင်ဇော်ထွန်းကို ချုပ်ရမန်တောင်းခံကာ ဆက်လက် အရေးယူထားသည်။