တရုတ်တိုက်လေယာဉ်များ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းရန်စ

တရုတ်တိုက်လေယာဉ်များ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းရန်စ

တရုတ်ပြည်မကြီးမှတိုက်လေယာဉ်များက ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်သန်းရန်စခဲ့ကြောင်း ထိုင်ဝမ် (တရုတ်တိ်ုင်ပေ) စစ်ဘက်က ဧပြီ ၁ ရက်၌ ပြောဆိုလိုက်သည်။

တရုတ် ဂျေ ၁၁ တိုက်လေယာဉ်နှစ်စီးသည် မတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က တရုတ်တိုင်ပေအနောက်တောင်ဘက် ဝေဟင်တွင်းမှဝင်ရောက်ကာ နားလည်မှုဖြင့် သဘောတူထားသည့် ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ခဲ့ကြောင်း တရုတ်တိုင်ပေစစ်ဘက်က ထုတ်ပြန်ခဲ့သည်။

ဧပြီ ၁ ရက်၌ စစ်ဘက်ဘွဲ့တံဆိပ်များ ချီးမြှင့်သည့်အခမ်းအနားတွင် တရုတ်တိုင်ပေခေါင်းဆောင် ဆိုင်အင်ဝမ်ကလည်း ယင်းဖြစ်ရပ်ကို ပြောဆိုခဲ့ပြီး ၄င်းတို့လေတပ်ကသတိပေးလိုက်မှ တရုတ်တိုက်လေယာဉ်များ ပြန်လည်ထွက်ခွာသွားကြောင်း ပြောဆိုခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားသည် အကျဉ်းဆုံးနေရာတွင် ကီလိုမီတာ ၁၆၀(မိုင် ၁၀ဝ)ခန့် ကျယ်ပြီး ယင်း၏တောင်ဘက်စွန်းသည် တောင်တရုတ်ပင်လယ်တွင်း စီးဝင်သည်။

ယင်းဒေသတွင်လည်း တရုတ်ပြည်မကြီးနှင့် တရုတ်တိုင်ပေတို့ နယ်နိမိတ်ခြင်းထပ်နေ၍ အငြင်းပွားမှုရှိသည်။

၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အပြီး စစ်ရှုံးခဲ့သည့် တရုတ်တိုင်ပေ(ထိုင်ဝမ်)ကို တရုတ်နိုင်ငံက ကွဲကွာနေသည့် အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားကာ လိုအပ်ပါက အင်အားသုံးသိမ်းပိုက်ရန် ခြိမ်းခြောက်ထားသည်။