နီပေါနိုင်ငံတောင်ပိုင်းဒေသတွင် မတ် ၃၁ ညပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ကာမိုးသက်မုန်တိုင်းကျသဖြင့် လူ ၂၈ဦးထက်မနည်း သေဆုံးပြီး ရာချီကာဒဏ်ရာရရှိခဲ့သည်။
မတ် ၃၁ ညပိုင်းလေမုန်တိုင်းကြောင့် တောင်ပေါ်လမ်းတွင် လူ ၄၀ လိုက်ပါသောဘတ်စကားတစ်စီးချောက်ထဲလွင့်ကျကာခရီးသည်အများအပြားသေဆုံးခဲ့သည်။
မိုးသက်မုန်တိုင်းကြောင့် အုတ်တံတိုင်းများ နှင့် အိမ်များပြိုကျကာ သစ်ပင်များ၊ ဓာတ်တိုင်များလဲကျမှုကြောင့်လည်း လူအများအပြားပိမိကာသေဆုံးရကြောင်းနီပေါ ရဲတပ်ဖွဲ့က ပြောသည်။
နီပေါတောင်ပိုင်းစိုက်ပျိုးရေးဒေသဘာရာနှင့် ပါဆာခရိုင်သို့လည်းမိုးသက်မုန်တိုင်းကျရောက်ကာရွာအများအပြားပျက်စီးပြီးလူ ၂၀ ကျော် သေဆုံးကြောင်းဘာရာခရိုင် အစိုးရတာဝန်ရှိသူရာဂျက် ပိုဒဲလ်က ပြောသည်။
ဝန်ကြီးချုပ် ခါဂါ ပရာဆတ် အိုလီသည် နိုင်ငံအနောက်ပိုင်းဒေသခရီးစဉ်ကိုဖျက်ကာတောင်ပိုင်းဒေသမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကိုသွားရောက်ကြီးကြပ်ခဲ့ရသည်။
မြို့တော် ခတ္တမန္ဒူရှိ နိုင်ငံတော် အရေးပေါ်လုပ်ငန်းများစင်တာကလည်းမုန်တိုင်းကြောင့် လူ ၆၀ဝကျော် ဒဏ်ရာရရှိခဲ့ပြီး၊ မုန်တိုင်းသင့် ကျေးရွာများသို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များသွားရောက်နေပြီဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ရာသီဥတုကြည်လင်သွားသဖြင့် ကျေးရွာများမှ ဒဏ်ရာရသူများကိုရဟတ်ယာဉ်များဖြင့် သယ်ဆောင်ကာဆေးကုသပေးလျက်ရှိသည်။
နိုင်ငံတောင်ပိုင်းဒေသများတွင် လာမည့်ရက်ပိုင်းများ၌ မိုးသက်မုန်တိုင်းများ ရုတ်တရက်ကျရောက်နိုင်ခြေရှိကြောင်းနီပေါ မိုးလေဝသဌာနကခန့်မှန်းချက်ထုတ်ပြန်ထားသည်။

















