မိခင်နေအိမ်သို့ ဆင်းသွားသည့် ဇနီးကို ခင်ပွန်းက ပြန်လည်ခေါ်ယူစဉ် မလိုက်သဖြင့် ဓားဖြင့်ထိုးသတ်ခဲ့မှု သာပေါင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၃၀ ရက် ည ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ပန်းတောကြီးကျေးရွာနေ ဦးသန်းအေးသည် ရွာအပြင်လယ်ကွင်းတလင်း၌ ရှိနေစဉ် တူဖြစ်သူ သန်းလွင်ဦးရောက်ရှိလာပြီး ၎င်း၏ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ဓားဖြင့်ထိုးကြောင်း ပြောသဖြင့် သွားရောက် ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှုခဲ့ရာ နေအိမ်ရှေ့ခန်း၌ ညီမဖြစ်သူ ဒေါ်မြင့်အေး(၄၈)နှစ်တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဦးသန်းအေးကယောက်ဖဖြစ်သူ ထွန်းလွင်(၄၈)နှစ်ကိုမေးမြန်းရာ ၄င်းတို့လင်မယားနှစ်ဦး မကြာခဏစကားများ လေ့ရှိသဖြင့် ဒေါ်မြင့်အေးကို သူမ၏မိဘများက လွန်ခဲ့သောနှစ်လခန့်မှစ၍ ခေါ်ဆောင်ထားခဲ့သည်ဟု ဆိုသည်။
ဇနီးဖြစ်သူအား အကြိမ်ကြိမ်သွားရောက် ခေါ်ဆောင်သော်လည်း ပြန်ထည့်မပေးဘဲ ဆက်လက်ခေါ် ဆောင်ထားခဲ့သောကြောင့် မကျေနပ်၍ အိပ်ခန်းထရံတွင် ထိုးထားသည့် ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း ယောက်ဖဖြစ်သူ ထွန်းလွင်ဦးက ဦးသန်းအေးကို ပြောပြခဲ့ခြင်းဖြစ်သည်။
သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူတွင် ဝဲဘက်ရင်အုံနှင့် ဝဲဘက်ဝမ်းဗိုက်တို့၌ ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန်ကို သက်ဆိုင်ရာက သိမ်းဆည်းကာ သာပေါင်းမြို့မရဲစခန်းက(ပ)၃၂၁/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

















