တရုတ်နိုင်ငံအနောက်ပိုင်းတောင်ပေါ်ဒေသတွင် လောင်ကျွမ်းနေသောတောမီးကို ငြှိမ်းသတ်စဉ် မီးသတ်သမား ၃၀ ဦးသည် မီးဝိုင်းခံရကာသေဆုံးခဲ့ရကြောင်းဧပြီ၂ ရက်၌ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
တောမီးကိုထိန်းနိုင်ပြီဖြစ်ကာထပ်တိုးလောင်ကျွမ်းမည့် အနေအထားမရှိတော့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကဖော်ပြသည်။
သေဆုံးသူမီးသတ်သမား ၃၀ ဦး၏ ရုပ်အလောင်းများကိုစီချွမ်းပြည်နယ် ရှီးချန်းမြို့သို့ ရဟတ်ယာဉ်များဖြင့် သယ်ဆောင်လာပြီဖြစ်သည်။ ဝေးလံခေါင်သီကာအမြင့်ပေ ၁၂၅၀ဝ ရှိသောတောင်ပေါ်ဒေသတွင် လောင်ကျွမ်းနေသည့် တောမီးကိုမီးသတ်သမား ၃၀ က မတ်၃၁ ရက်တွင် ငြှိမ်းသတ်နေစဉ် လေတိုက်သည့် ဦးတည်ရာ ရုတ်တရက် ပြောင်းလဲမှုကြောင့် မီးဝိုင်းခံရပြီးကယ်ဆယ်ရန် ကြိုးပမ်းသော်လည်းနောက်ကျခဲ့ကာအားလုံးသေဆုံးကြောင်းဧပြီ ၁ တွင် အတည်ပြုခဲ့ရသည်ဟုတရုတ်နိုင်ငံအရေးပေါ် အခြေအနေစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပြောကြားသည်။
သေဆုံးသူများထဲတွင် အများစုသည် အသက်၂၀ ဝန်းကျင် လူငယ်များဖြစ်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့ကာ၊ လေထန်နေခြင်းတို့ကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းတောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိသည်။
ပေကျင်းမြို့နှင့် မလှမ်းမကမ်းဒေသများတွင်လည်းတောမီးလောင်ကျွမ်းမှုများရှိခဲ့သည်။
၂၀၁၅ ခုနှစ်ကတီယန်ကျင်းဆိပ်ကမ်းမြို့ ဓာတုပစ္စည်းကုန်လှောင်ရုံမီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်သမားများအပါအဝင် ၁၇၃ ဦးသေဆုံးခဲ့ပြီးနောက် ယခုအကြိမ် သေဆုံးမှုသည် အဆိုးဆုံးအဖြစ်လည်းမှတ်တမ်းဝင်သည်။

















