တူရကီနိုင်ငံတွင် မတ် ၃၁ ရက်က ကျင်းပသည့် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် မြို့တော်အန်ကာရာနှင့် အဓိကမြို့ကြီးများ၌ သမ္မတ ရီးဆက်တေးရစ်အာဒိုဂမ်နှင့် အာဏာရ အေကေပီပါတီ သိသိသာသာ အရေးနိမ့်နေပြီး အတိုက်အခံတို့ အသာရနေသည်။
အာဒိုဒမ်အုပ်စု၏ ဆယ်စုနှစ်ချီခြေကုပ်စခန်းဖြစ်သည့် တူရကီမှအကြီးဆုံးမြို့ အစ္စတန်ဘူလ်၏ မြို့တော်ဝန်ရွေးချယ်ပွဲတွင်လည်း အတိုက်အခံတို့ကဦးဆောင်နေသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ အေကေပီ ဦးဆောင်သည့်မဟာမိတ်များသည် မြူနီစီပယ်ရွေးကောက်ပွဲများတွင် ၅၁ ရာခိုင်နှုန်းကျော် အနိုင်ရနေသော်လည်း အရေးပါသည့်မြို့ကြီးများတွင် ရှုံးနိမ့်နေခြင်းဖြစ်သည်။
တူရကီနိုင်ငံရေးကို အာဒိုဂမ် ၁၆ နှစ်ကြာ လွမ်းမိုးခဲ့ပြီးနောက် ငွေကြေးဖောင်းပွမှု ဂဏန်းနှစ်လုံးဖြစ်နေခြင်းနှင့် စီးပွားရေးကျုံ့ဝင်မှု၊ အစားအသောက်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်လက်မဲ့မြင့်မားမှုတို့နှင့် ရင်ဆိုင်နေရသည့် ၈၁ သန်းသော ပြည်သူလူထု၏ စိတ်ပျက်လက်ပျက်ဖြစ်လာမှုကို မဲရလဒ်က ရောင်ပြန်ဟပ်နေကြောင်း သတင်းများကဖော်ပြခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့်နှစ်က သမ္မတအာဏာကို ကျယ်ပြန့်စွာ ချဲ့ထွင်ခဲ့ပြီး အာဏာရှင်အပြုအမူများ တိုးမြင့်လာကြောင်း စွပ်စွဲခံနေရသည့် အာဒိုဂမ်အတွက် ပထမဆုံးစမ်းသပ်မှုဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
မဲပေးခွင့်ရှိသူ ၅၇ သန်းကျော်က အဓိကမြို့ ၃၀ ကျော်တွင် မြို့တော်ဝန်များရွေးချယ်ရန်၊ ခရိုင် ၉၂၂ ခုတွင် ကောင်စီဝင်များရွေးချယ်ရန် မဲပေးနေကြသည်။
ရွေးကောက်ပွဲကာလ အကြမ်းဖက်မှုကြောင့် ငါးဦးသေဆုံးပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။မတ်လ ၃၁ ရက်ရွေးကောက်ပွဲများတွင် အာဒိုဂမ်တိုက်ရိုက်ပါဝင်ခြင်းမရှိသော်လည်း ၄င်းသည် အာဏာရပါတီကို အဓိကလွှမ်းမိုးထားပြီး မဲဆွယ်ပွဲများတွင် လပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့သည်။
ရွေးကောက်ပွဲ၏ အပြီးသတ်တရားဝင်ရလဒ်များ ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာရန် မျှော်လင့်ရပြီး ရလဒ်ကိုမကျေနပ်သည့် နိုင်ငံရေးပါတီများ သုံးရက်အတွင်း စောဒကတက်ခွင့်ရှိသည်။

















