ပိုလန်နိုင်ငံမြောက်ပိုင်းရှိ ကက်သလစ်ဘုန်းကြီးတစ်ပါးကျောင်းထိုင်သည့် နယ်မြေတစ်ခု၌ နာမည်ကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွဲစာအုပ်များနှင့် အခြားစာအုပ်များအား မိစ္ဆာနှင့်ဆိုင်သော အကြောင်းအရာများဟု သတ်မှတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
ဂဒန့်စ်ဒေသရှိ မားသားအော့ဖ်ချက်နယ်မြေ၌ စာအုပ်များကို မီးရှို့ဖျက်ဆီးနေပုံကို ကောင်းကင်ဘုံမှ စာတိုပို့စနစ်ဟု အမည်ရသည့် ကက်သလစ်ဖောင်ဒေးရှင်းတစ်ခုက ဖေ့စ်ဘွတ်ခ်တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းဖောင်ဒေးရှင်သည် ဘာသာရေးအရ လုပ်ဆောင်မှုများကို ထူးခြားစွာဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။အာဖရိကသစ်သားမျက်နှာဖုံးတစ်ခု၊ ဗုဒ္ဓဘာသာဆိုင်ရာရုပ်တုတစ်ခု၊ ဆင်ရုပ်များ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာနှင့် မျက်လှည့်၊ မှော်ပညာစာအုပ်များသာမက စာရေးဆရာ ဂျေကေရိုးလင်းရေးသားသည့် ဟယ်ရီပေါ်တာစာအုပ်အတွဲများကို မီးရှို့ဖျက်ဆီးနေပုံများကို ဖေ့စ်ဘွတ်ခ်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။
နေအိမ်များတွင် အမိုက်မှောင်အင်အားစုများကို ဖယ်ရှားရန် ဘုန်းကြီးများ၏တိုက်တွန်းမှုများကြောင့် ဒေသခံများက မီးရှှိုု့မည့်နေရာသို့ သယ်ဆောင်လာကြခြင်းဖြစ်သည်။
နိုင်ငံတကာတွင် ရောင်းအားအကောင်းဆုံးစာရင်းဝင်သည့် ဟယ်ရီပေါ်တာစာအုပ်များသည် မှော်ပညာကိုအားပေးသည်ဟု ပြောဆိုကာ ပိုလန်၌ သြဇာကြီးမားသည့် ကက်သလစ်ဘုရားကျောင်းက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
ယခုကဲ့သို့ စာအုပ်များကို မီးရှို့ခြင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီတွင် နာဇီဂျာမနီ၌ စာအုပ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ကို ပြန်ပြောင်းအမှတ်ရစေကြောင်း ဖေ့စ်ဘွတ်ခ်၌ ဝေဖန်မှုများရှိခဲ့သည်။ ယခုကဲ့သို့ စာအုပ်များကို မီးရှို့မှုသည် အမုန်းတရားပွားများစေပြီး အလယ်ခေတ်ကကဲ့သို့ စွပ်စွဲကာ မီးရှို့သတ်ဖြတ်မှုများကို ကျူးလွန်လာဖွယ်ရှိနေကြောင်း တချို့ကလည်း ဝေဖန်ရေးသားခဲ့သည်။
စာအုပ်များမီးရှို့မှုနှင့်ပတ်သက်၍ ဖောင်ဒေးရှင်းအခြေစိုက်သည့် ကိုစ်ဇာလင်ဂိုးအုပ်၏ပြောခွင့်ရှိသူ ဘုန်းကြီး ဝိုယစီပါရာဖီယာနိုဗစ်ကလည်း ဝေဖန်ပြောဆိုခဲ့သည်။ ယခုလုပ်ရပ်ကိုသဘောမကျသော်လည်း မှော်ပညာသည် လူ့အဖွဲ့အစည်းအပေါ် ဆိုးရွားသော သက်ရောက်မှုရှိနိုင်သည်ကိုမူလက်ခံပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ကက်သလစ်ဘာသာဝင်အများစုရှိသော ပိုလန်၌ ဘုရားကျောင်းသည် သမိုင်းကြောင်းအရသာမက နိုင်ငံရေးအရပါ သြဇာကြီးမားသည့် အဖွဲ့အစည်းဖြစ်သည်။
အစိုးရအဖွဲ့ဝင်အများစုသည် ကက်သလစ်ဘာသာဝင်များဖြစ်သောကြောင့် ဘုရားကျောင်းသည် ကွန်ဆာဗေးတစ်အစိုးရ၏ထောက်ခံမှုကိုလည်း ရရှိထားသည်။

















