ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်၏ တရားစွဲဆိုခံကင်းလွတ်ခွင့်အား တရားရုံးချုပ်ကရုပ်သိမ်းလို

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်၏ တရားစွဲဆိုခံကင်းလွတ်ခွင့်အား တရားရုံးချုပ်ကရုပ်သိမ်းလို

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်နှင့် လွှတ်တော်ဥက္ကဌဖြစ်သူဟွမ်ဂွိုင်ဒိုအား တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့် ပေးထားခြင်းကို ရုပ်သိမ်းရန် ဗင်နီဇွဲလားတရားရုံးချုပ်က တောင်းဆိုလိုက်သည်။

အစိုးရလိုလားသည့် တရားရုံးချုပ်၏တောင်းဆိုချက်က သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖယ်ရှားရေး ကြိုးပမ်းခဲ့သည့် ဟွမ်ဂွိုင်ဒိုအား ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆို၍ ထောင်သွင်းအကျဉ်းချရေး ပထမခြေလှမ်းဖြစ်ဖွယ် ရှိသည်။

မာဒူရိုလိုလားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလွှတ်တော်ကလည်း တရားရုံးချုပ်တောင်းဆိုမှုကို ထောက်ခံဖွယ်ရှိသည်။

ဟွမ်ဂွိုင်ဒိုသည် ပြည်ပသွားလာခွင့်ပိတ်ပင်ထားခြင်းကိုအာခံ၍ လွန်ခဲ့သည့်သီတင်းပတ်များက လက်တင်အမေရိက နိုင်ငံများသို့ သွားရောက်ခဲ့မှုအတွက် ဥပဒေချိုးဖောက်မှုစွဲချက် တင်ခံရဖွယ်ရှိနေသည်။

တရားရုံးချုပ်က ဟွမ်ဂွိုင်ဒိုအား အစိုးရဌာနများတွင် ပါဝင်ဆောင်ရွက်ခွင့် ၁၅ နှစ် တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီး ယင်းကို ဟွမ်ဂွိုင်ဒိုက အသိအမှတ်မပြုခဲ့ချေ။

၄င်း၏ ညာလက်ရုံးဖြစ်သူကိုလည်း အကြမ်းဖက်မှု စွဲချက်များဖြင့် အစိုးရက ဖမ်းဆီးထားသည်။

မာဒူရို သမ္မတဒုတိယသက်တမ်း ပြန်လည်ရွေးကောက်ခံမှုအတွက် ပြည်တွင်းပြည်ပဆန့်ကျင်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် ဟွမ်ဂွိုင်ဒိုက ၄င်းကိုယ်၄င်း ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းကို အမေရိကန်နှင့် နိုင်ငံ ၅၀ ခန့်က အသိအမှတ်ပြုခဲ့ပြီး မာဒူရိုကိုလည်း တရုတ်၊ ရုရှားနှင့်နိုင်ငံအချို့က ထောက်ခံထားသည်။

ထို့ပြင် ဗင်နီဇွဲလားစစ်တပ်ကလည်း မာဒူရိုကို ဆက်လက်သစ္စာခံခြင်းကြောင့် အာဏာစွဲကိုင်ထားနိုင်ဆဲဖြစ်သည်။

စီးပွားရေးအကျပ်ဆိုက်နေသည့်နိုင်ငံတွင် အစိုးရနှင့်အတိုက်အခံ အာဏာလွန်ဆွဲပွဲဖြစ်လာပြီး လမ်းပေါ်ဆန္ဒပြပွဲများလည်း ဆက်လက်ဖြစ်ပွားခဲ့ကာ ရေနှင့်လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ယင်းကြောင့် အလုပ်လုပ်ရက်များ လျှော့ချခဲ့ရပြီး ကျောင်းများလည်း ပိတ်ထားရသည်။

မာဒူရိုဖြုတ်ချရေးအတွက် ဟွမ်ဂွိုင်ဒို၏ကြိုးပမ်းမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ရကြောင်း အပြစ်ဖို့ထားသည့် အစိုးရသည် ဧပြီ ၁ ရက်၌ လျှပ်စစ်စွမ်းအားဝန်ကြီး လူးအစ္စမိုတာကို လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြင့် အစားထိုးခဲ့သည်။

အမေရိကန်အစိုးရက ဟွမ်ဂွိုင်ဒိုကိုဖမ်းဆီးမှု သို့မဟုတ် အနာတရဖြစ်မှုတစ်ခုခု ကျူးလွန်ပါကမာဒူရိုအစိုးရသည် ပြင်းထန်သည့်အကျိုး ရင်ဆိုင်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးထားသည်။