တူရကီက ရုရှားထံမှ အက်စ် ၄၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူရန် ရှေ့တိုးလုပ်ဆောင်လာချိန်တွင် အမေရိကန်က အက်ဖ် ၃၅ တိုက်လေယာဉ်အစိတ်အပိုင်းများလွှဲပြောင်းပေးမှုကို ဧပြီ ၁ ရက်၌ ဆိုင်းငံ့လိုက်သည်။
အက်စ် ၄၀ဝ များဝယ်ယူမှုအစီအစဉ် မရုပ်သိမ်းပါက အက်ဖ် ၃၅ တိုက်လေယာဉ်ရောင်းချမှုကို ရပ်ဆိုင်းရန် သမ္မတထရမ့်အစိုးရက လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးဖြစ်သည်။
တူရကီတို့ အက်စ် ၄၀ဝ များရယူလိုခြင်းကို အမေရိကန်က လက်မခံနိုင်ဟု ရှင်းလင်းစွာပြသခဲ့ပြီးဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရသူက ပြောဆိုခဲ့သည်။
ရုရှားထံမှ အက်စ် ၄၀ဝ များဝယ်ယူလိုပြီး လက်နက်လွှဲပြောင်းပေးမည့်ရက် ဆွေးနွေးခဲ့ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး ကာဗူဆိုဂလူက ပြောဆိုခဲ့ပြီးနောက် အမေရိကန်က အက်ဖ် ၃၅ လွှဲပြောင်းမှုကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
တူရကီမှမဟုတ် မည်သည့်နေတိုးအဖွဲ့ဝင်မျှ အက်စ် ၄၀ဝ ဝယ်ယူရန် စဉ်းစားလျှင် အနာဂတ်၌ အမေရိကန်တိုက်လေယာဉ်များ ရရှိမည်မဟုတ်ဟု အမေရိကန်စစ်ဘက်ခေါင်းဆောင်များက ပြောဆိုထားသည်။
လွန်ခဲ့သည့်လက လွှတ်တော်ကြားနာပွဲတစ်ရပ်တွင် နေတိုးအဖွဲ့မှ အမေရိကန်ဗိုလ်ချုပ်ကြီး ကားတစ် စကာပါရိုတီကအမေရိကန်၏ခေတ်မီလက်နက်တစ်ခုကိုခြိမ်းခြောက်နိုင်သည့် ရုရှားလက်နက်စနစ်တစ်ခုကို ဝယ်ယူသည့် မဟာမိတ်နိုင်ငံတစ်ခုနှင့် အမေရိကန်တို့လက်မတွဲရန် အကြံပြုခဲ့သည်။
ပဉ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်သည့် အက်ဖ် ၃၅ တိုက်လေယာဉ် အနည်းဆုံး စင်းရေ ၁၀ဝ တူရကီသို့ရောင်းချပေးရန် အမေရိကန်က သဘောတူထားပြီး ဇွန်လ၌ ပထမဆုံးနှစ်စီး လွှဲပြောင်းပေးမည်ဖြစ်သည်။
လေယာဉ်၏အချို့အစိတ်အပိုင်းများကို တူရကီတွင်ထုတ်လုပ်တပ်ဆင်မည်ဖြစ်သည်။လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်လုပ်စနစ်များကိုသာ ဝယ်ယူရန် တူရကီကို အမေရိကန်တို့က ဖိအားပေးထားပြီး လွန်ခဲ့သည့်ဒီဇင်ဘာက ပက်ထရီယော့ဒုံးကျည်စနစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံဖိုး တူရကီသို့ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့သည်။
နိုင်ငံနှစ်ခုအကြား အရောင်းအဝယ်သဘောတူညီမှုတစ်ရပ်ကို တတိယနိုင်ငံတစ်ခုက ကန့်လန့်မတိုက်သင့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ပြောဆိုခဲ့သည်။

















