အမေရိကန်ဒုတိယသမ္မတဟောင်း ဘိုင်ဒန် ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရ

အမေရိကန်ဒုတိယသမ္မတဟောင်း ဘိုင်ဒန် ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရ

၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် မလျော်ကန်စွာဖြင့် ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့ကြောင်း အမျိုးသမီးနှစ်ဦးက စွပ်စွဲပြောလိုက်ပြီဖြစ်သည်။

မစ္စတာဘိုင်ဒန်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်တွင် ၎င်း၏မျက်နှာကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ခဲ့ပြီး နှာခေါင်းချင်းလည်း ထိခဲ့ကြောင်း အေပီလက်ပို့စ်ကပြောဆိုခဲ့သည်။

ထို့ပြင် မစ္စတာဘိုင်ဒန်သည် မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ၎င်း၏ခေါင်းကို နောက်မှ ကိုင်ခဲ့ကြောင်း လူစီဖလောစ်ကလည်း စွပ်စွဲပြောဆိုခဲ့သည်။

မလျော်ကန်စွာပြုမူခဲ့သည်ဟု မယူဆကြောင်း ဘိုင်ဒန်ကပြောဆိုခဲ့သည်။

ဘားရက်အိုဘားမား သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် ၂၀ဝ၉ မှ ၂၀၁၇ ခုနှစ်အထိ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဘိုင်ဒန်သည် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေများနေသူဖြစ်သည်။

ဒီမိုကရက်တစ်ပါတီမှ အမတ်တစ်ဦး၏ကိုယ်ရေးအရာရှိဟောင်းဖြစ်သည့် အသက် ၄၃ နှစ်အရွယ် လက်ပို့စ်က ၂၀ဝ၉ ခုနှစ်တွင် ကွန်နက်တီးကပ်စ်ပြည်နယ် ဟတ်ဖို့ဒ်ရှိ ပုဂ္ဂလိကပိုင်နေအိမ်တစ်လုံး၌ ရန်ပုံငွေရှာဖွေပွဲပြုလုပ်စဉ် ဘိုင်ဒန်သည် ၎င်းကို မလျော်ကန်သည့် နည်းလမ်းဖြင့် ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယင်းအချိန်က ဒုတိယသမ္မတဖြစ်သည့် ဘိုင်ဒန်သည် လက်ထောက်အရာရှိများအား ကျေးဇူးတင်စကားပြောဆိုရန် မီးဖိုဆောင်ထဲဝင်လာပြီးနောက် ၎င်း၏မျက်နှာကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ နှာခေါင်းချင်းထိတွေ့ခဲ့ကြောင်း လက်ပို့စ်က ပြောဆိုခဲ့သည်။

မစ္စဖလောစ်သည်လည်း ဘိုင်ဒန်နှင့်ပတ်သက်၍ လွန်ခဲ့သောအပတ်တွင် စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။ မစ္စဖလောစ်သည် ၂၀၁၄ ခုနှစ်တွင် နီဗားဒါးပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာရေးအတွက် မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ် ဘိုင်ဒန်သည် ၎င်းကို ကူညီရန် ပြည်နယ်သို့သွားရောက်ခဲ့သည်။

၎င်းသည် စင်မြင့်ပေါ်တက်ခါနီးတွင် ဘိုင်ဒန်က နောက်မှနေကာ ၎င်း၏ပခုံးများကို ကိုင်ပြီးနောက် ဦးခေါင်းနောက်ဖက်ကို အကြင်နာပေးခဲ့ကြောင်း ဖလောစ်က စွပ်စွဲပြောဆိုခဲ့သည်။

အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း ၎င်းသည် လက်ဆွဲနှုတ်ဆက်မှု၊ ဖက်ရမ်းမှု၊ ကြင်နာကြောင်းပြသမှု၊အားပေးမှုများစွာတို့ကို ပြုလုပ်ခဲ့ရသော်လည်းမလျော်ကန်စွာပြုမူမှုတစ်ကြိမ်တစ်ခါမျှမရှိခဲ့ကြောင်း ဘိုင်ဒန်က ထုတ်ပြန်ပြောဆိုခဲ့သည်။