သက်တမ်း နှစ် ၇၀ ပြည့်ခဲ့ပြီဖြစ်သောနေတိုးအဖွဲ့သည် ရုရှား ခြိမ်းခြောက်မှုကိုတန်ပြန်ရန် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နေသလို၊ အဖွဲ့ဝင်နိုင်ငံများသင်းကွဲနေသည်ဟူသောသတင်းများထွက်ပေါ်နေခြင်းသည်လည်းမဟုတ်မှန်ကြောင်းနေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ယန်းစတိုတန်ဘာ့ဂျ်က ဧပြီ၁ တွင် ပြောကြားလိုက်သည်။
နေတိုး နှစ် ၇၀ ပြည့် အခမ်းအနားအတွက် နေတိုးအဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ဝါရှင်တန်တွင် တွေ့ဆုံခဲ့ကြသည်။
ရုရှားစစ်ရေးခြိမ်းခြောက်မှုများကိုတန်ပြန်နိုင်ရန် ရုရှားနှင့် နယ်စပ်များတစ်လျှောက် နေတိုးတပ်ဖွဲ့များတိုးမြှင့်ချထားခြင်း၊ အန္တရာယ်သစ်များဖြစ်သောဆိုက်ဘာစစ်ပွဲများအရေး ပြင်ဆင်ခြင်းများ ပြုလုပ်နေသည့်တိုင် နေတိုးအဖွဲ့အတွက် အဓိက အန္တရာယ်မှာအတွင်းလှိှုုက် သင်းကွဲမည့် ပြဿနာဖြစ်နေကြောင်းနိုင်ငံရေးလေ့လာသူများကသုံးသပ်လျက်ရှိသည်။
အဖွဲ့ဝင်နိုင်ငံများကြားကာကွယ်ရေးအသုံးစရိတ် ခွဲတမ်းမတည့်မှု၊ အချို့သောအဖွဲ့ဝင်နိုင်ငံများကအထက်စီးကဆက်ဆံလိုမှုများကြောင့် နေတိုးအဖွဲ့၏ တန်ဖိုးများယုတ်လျော့ရနိုင်ခြေရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
“မတူကွဲပြားမှုတွေ ရှိနေပေမယ့် အတူပူးပေါင်းအလုပ်လုပ်နိုင်ကြတာဟာနေတိုးအဖွဲ့ရဲ့ အားသာချက်ပါ” ဟု မစ္စတာစတိုတန်ဘာ့ဂျ်က စိုးရိမ်မှုများဖြေလျှော့ပေးနိုင်စေရန် ပြောကြားလိုက်ကြောင်းတွေ့ရသည်။
မစ္စတာစတိုတန်ဘာ့ဂျ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်လည်းတွေ့ဆုံခဲ့သလို၊ ဧပြီ ၃ တွင် အမေရိကန်လွှတ်တော်၌လည်း မိန့်ခွန်းပြောမည်ဖြစ်သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံတိုင်းဂျီဒီပီ၏ ၂ရာခိုင်နှုန်းကိုကာကွယ်ရေးစရိတ်အဖြစ် ထည့်ဝင်ရမည်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးလျက်ရှိနေသည်။

















