နယူးဇီလန်နိုင်ငံတွင် လက်နက်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးဥပဒေသစ်ပြဌာန်းရေးအတွက် ဧပြီ ၂ ရက်တွင် ကနဦးမဲခွဲခဲ့ရာလွှတ်တော်ကတစ်ခဲနက် ထောက်ခံခဲ့သည်။
ပြီးခဲ့သည့်လက ဗလီနှစ်ခုတွင် သေနတ်သမားဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၀ သေဆုံးရပြီးနောက် လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဥပဒေသစ် ပြဌာန်းရန် နယူးဇီလန်ကအပူတပြင်း ကြိုးပမ်းလျက်ရှိသည်။
ဥပဒေမူကြမ်းကိုလစ်ဘရယ်နှင့် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်အားလုံးကထောက်ခံခဲ့ကြပြီးလွှတ်တော်နေရာ ၁၂၀ အနက် တစ်မဲသာကန့်ကွက်မဲရှိခဲ့သည်။
ပြည်သူအများလိုအပ်သည်ထက်ပိုပြီးလက်နက်ကိုင်ဆောင်ခွင့် ရနေသောကြောင့် မလိုလားအပ်သူတို့၏ လက်ထဲသို့ လက်နက်များရောက်မသွားရေး၊ အများပြည်သူလုံခြုံရေးအတွက် လွှတ်တော်တွင် တာဝန်ရှိသည်ဟုဝန်ကြီးချုပ် စတူးဝပ် နက်ရှ်က ပြောသည်။
အမေရိကန်တွင် လက်နက်ကိုင်ဆောင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပါဝင်နေသောရပိုင်ခွင့်တစ်ရပ်ဖြစ်သော်လည်းနယူးဇီလန်တွင်မူကားရပိုင်ခွင့်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်းလည်းသိရသည်။
တစ်ဦးတည်းသောကန့်ကွက်မဲထည့်ခဲ့သူကွန်ဆာဗေးတစ် အမတ် ဒေးဗစ် ဆေမာကဥပဒေပြဌာန်းရန် အလောသုံးဆယ်လုပ်လွန်းကြောင်း၊ အများပြည်သူလုံခြုံရေးထက် ခံစားချက်ကိုဦးစားပေးကာအများကြိုက် လိုက်လုပ်ရာရောက်နေသောကြောင့် ကန့်ကွက်ခြင်းသာဖြစ်ကြောင်း ပြောသည်။
ဥပဒေသစ်အရစစ်သုံးပုံစံတစ်ပိုင်းအော်တိုမတ်တစ် သေနတ်များ၊ ပမာဏပိုဆံ့သောကျည်ကပ်များကိုတားမြစ်မည်ဖြစ်သည်။

















