ဥရုဂွေးနိုင်ငံ၌ ၁၉၇၃-၁၉၈၅ ခုနှစ်အာဏာရှင်စနစ်ကျင့်သုံးစဉ်အတွင်း စစ်တပ်အရာရှိတစ်ဦး ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့ခြင်းကို ဖုံးဖိထားခဲ့မှုဖြင့် တပ်မှူးတစ်ဦးဖြစ်သည့် ဟိုဆေးဂွန်ဇာလက်ဇ်နှင့် အခြားဗိုလ်ချုပ်ငါးဦးတို့အား ဥရုဂွေးသမ္မတ တာဘာရဲ ဗက်ဇ်ကွက်ဇ်က ဧပြီ ၁ ရက်တွင် ရာထူးမှဖယ်ရှားခဲ့သည်။
ဗိုလ်ချုပ် ဟိုဆေးဂွန်ဇာလက်ဇ်သည် တပ်မှူးအဖြစ်သို့ ရာထူးတိုးမြှင့်ခံရသည်မှာ ရက်သတ္တပတ်နှစ်ပတ်သာရှိသေးပြီး ၎င်း၏နေရာတွင် ဗိုလ်ချုပ် ဂွိုင်ဒို မာနီနီရီယိုစ်က အစားထိုးတာဝန်ထမ်းဆောင်မည်ဖြစ်သည်။
စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်စဉ်အတွင်း စစ်တပ်အရာရှိများ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့်ပတ်သက်၍ ဒေသဆိုင်ရာတရားရုံးများက ကိုုင်တွယ်ပုံကို သမ္မတဗက်ဇ်ကွက်ဇ်က မေးခွန်းထုတ်ခဲ့ပြီးဖြစ်သည်။
အငြိမ်းစားဗိုလ်ချုပ်တစ်ဦးသည် ၁၉၇၃ ခုနှစ်တွင် လက်ဝဲဝါဒီ တူပါမာရူပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ရုပ်အလောင်းကို မြစ်ထဲသို့ ပစ်ချခဲ့ကြောင်း စစ်ခုံရုံးတွင် ဝန်ခံခဲ့သော်လည်း ဂွန်ဇာလက်ဇ်နှင့် ခုံရုံးအဖွဲ့ဝင်များသည် ယင်းကို ဥပဒေအရာရှိများထံသို့ တင်ပြခြင်းမပြုခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် စစ်တပ်အရာရှိ ၄၀ ကျော် စုံစမ်းစစ်ဆေးခံခဲ့ရပြီးဖြစ်သည်။ အချို့သည်လည်း အသက်အရွယ်ကြီးရင့်သူများဖြစ်နေပြီဖြစ်သလို အချို့သည်လည်း အကျဉ်းထောင်တွင်း သေဆုံးခဲ့ကြပြီးဖြစ်သည်။
အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်စဉ်အတွင်း လူရာပေါင်းများစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်။ယင်းကာလအတွင်း လူ ၁၉၂ ဦးခန့် ပျောက်ဆုံးခဲ့ပြီး ၎င်းတို့၏အခြေအနေနှင့်ပတ်သက်၍ ယခုချိန်အထိ မသိရှိရသေးချေ။

















