ထရမ့်ရှိချိန် အပန်းဖြေကလပ်ထဲ ဝင်ရောက်ခဲ့သူ တရုတ်အမျိုးသမီးထိန်းသိမ်းစစ်မေးခံရ

ထရမ့်ရှိချိန် အပန်းဖြေကလပ်ထဲ ဝင်ရောက်ခဲ့သူ တရုတ်အမျိုးသမီးထိန်းသိမ်းစစ်မေးခံရ

ဖလော်ရီဒါရှိ မာရာလာဂိုအပန်းဖြေကလပ်၌ သမ္မတဒေါ်နယ်ထရမ့်ရှိနေချိန်တွင် ကလပ်ထဲဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံကူးလက်မှတ်ကိုင် အမျိုးသမီးတစ်ဦးသည် အဖျက်အမှောင့်ပရိုဂရမ်ပါသည့် ကွန်ပျူတာတစ်လုံးနှင့်အတူ ဝင်ရောက်ခဲ့မှုကြောင့် ဖမ်းဆီးစစ်ဆေးခံနေရသည်။
 

အစိုးရရှေ့နေများက တရားရုံးသို့တင်ပြသည့် အထောက်အထားများအရ မတ် ၃၀ ရက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၃၂ နှစ်ရွယ် ယူဂျီယန်ကျန်း ဆိုသူသည် ပမ်းဘိချ်ကလပ်အပြင်ရှိ လျှို့ဝှက်ထောက်လှမ်းရေး တစ်ဦးထံချဉ်းကပ်၍ ၄င်းသည် ကလပ်အသင်းဝင်တစ်ဦး ဖြစ်ပြီး ရေကူးကန်သို့သွားလိုကြောင်း နိုင်ငံကူးလက်မှတ် ပြသတောင်းဆိုခဲ့ကြောင်း၊ ၄င်းသည် ကလပ်အသင်းဝင်စာရင်းထဲတွင် မပါဝင်သော်လည်း ကလပ်မန်နေဂျာက ၄င်းအား ကလပ်အသင်းဝင်တစ်ဦး၏သမီးဟု ထင်မှတ်ခဲ့ကြောင်း၊ ပြန်လည်မေးမြန်းရာတွင် ဘာသာစကားအခက်အခဲရှိခဲ့ပြီး နောက်ဆုံးတွင် ၄င်းဝင်ရောက်ခွင့်ရခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကလပ်ထဲရောက်ရှိချိန်တွင် ကျန်းက ၄င်းသည် ရှန်ဟိုင်းမှလာရောက်ကာ ကုလသမဂ္ဂတရုတ်အမေရိကန်အသင်း၏ အခမ်းအနားတစ်ခုသို့ တက်ရောက်လာခြင်းဟု ပြောဆိုခဲ့ကြောင်း၊ တရုတ်ဘာသာဖြင့်သာ ရေးသားထားသည့် ဖိတ်စာတစ်ခုကိုလည်း ပြသခဲ့ကြောင်း၊ ယင်းနောက် ထောက်လှမ်းရေးများက ၄င်းကို ဌာနသို့ခေါ်ယူသွားပြီးမေးမြန်းချိန်တွင် အင်္ဂလိပ်ဘာသာဖြင့် ကောင်းမွန်စွာပြောဆိုဖတ်ရှုနိုင်ကြောင်း၊ ၄င်းထံတွင် အဖျက်အမှောင့်မားလ်ဝဲပါ မမ်မိုရီစတစ် တပ်ဆင်လျက် လက်ပ်တော့ကွန်ပျူတာ တစ်လုံး၊ မိုဘိုင်းဖုန်းလေးလုံးနှင့် အိတ်ဆောင်ဟာ့ဒရိုက်တစ်လုံးတို့ ပါရှိခဲ့ကြောင်း၊ ရေကူးရန်ဆိုသော်လည်း ရေကူးဝတ်စုံမူ မပါကြောင်း ထောက်လှမ်းရေးများက တွေ့ရှိ်ခဲ့သည်။

လက်ရှိတွင် ကျန်းအားထိန်းသိမ်းထားပြီး လိမ်ညာထွက်ဆိုမှု၊ ကန့်သတ်ဧရိယာတွင်း တရားမဝင် ဝင်ရောက်ခဲ့မှုဖြင့် စွဲချက်တင်ထားကာ နောက်အပတ်၌ ကြားနာစစ်ဆေးမည်ဖြစ်သည်။

ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်သည့် စွဲချက်များဖြစ်သည်။ ကျန်းသည် သမ္မတထရမ့်အနီး ရောက်ရှိခဲ့ပုံမရကြောင်း၊ ရီပတ်ဘလီကန်ကို ရန်ပုံငွေလှူဒါန်းသည့် ဖလော်ရီဒါရှိ တရုတ်ဇာတိဖွားလုပ်ငန်းရှင် လီယန်းနှင့် ပတ်သက်ပုံလည်း မရကြောင်း ထောက်လှမ်းရေးများက ဖော်ပြခဲ့သည်။