ဗင်နီဇွဲလားသမ္မတမာဒူရို၏ သစ္စာခံအုပ်စုများက အတိုက်အခံခေါင်းဆောင်နှင့် လွှတ်တော်ဥက္ကဌဖြစ်သူ ဟွမ်ဂွိုင်ဒို၏ တရားစွဲဆိုမှုကင်းလွတ်ခွင့်ကို ဖယ်ရှားလိုက်ခြင်းဖြင့် ၄င်းအပေါ်ဖိနှိပ်အရေးယူရေးခြေလှမ်းသစ် စတင်လိုက်ပြီဖြစ်သည်။
ဗင်နီဇွဲလားတရားရုံးချုပ်တရားသူကြီး မိုက်ကယ်မိုရီနိုက ရွေးကောက်ခံတစ်ဦးအနေဖြင့် ဟွမ်ဂွိုင်ဒိုရရှိထားသည့် တရားစွဲဆိုခြင်း ကင်းလွတ်ခွင့်အား ဖယ်ရှားမိန့် ထုတ်ပြန်လိုက်ပြီးနောက် ၄င်းနှင့် မာဒူရိုသစ္စာခံများဖြင့်သာ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံဆိုင်ရာညီလာခံအဖွဲ့တို့ တွေ့ဆုံခဲ့သည်။
ဟွမ်ဂွိုင်ဒိုသည် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားခြင်းကို ချိုးဖောက်ခဲ့ကြောင်း ရှေ့နေချုပ်က အစီရင်ခံပြီးနောက် တရားရုံးချုပ်က ကင်းလွတ်ခွင့်ဖယ်ရှားမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ရပ်အပေါ်မမှုကြောင်း၊ ၄င်းသည် မာဒူရိုအုပ်စု၏ပြန်ပေးဆွဲခြင်းခံရမည့် အန္တရာယ်ရှိကြောင်းသိသိနှင့် စွန့်စားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဟွမ်ဂွိုင်ဒိုက တုံ့ပြန်ခဲ့သည်။
မာဒူရို သမ္မတဒုတိယသက်တမ်းတာဝန်ယူမှု တရားမဝင်၍ လွှတ်တော်ဥက္ကဌဖြစ်သည့် ၄င်းကကြားဖြတ်သမ္မတတာဝန်ယူကြောင်း ကြေညာထားသည့် ဟွမ်ဂွိုင်ဒိုအား အမေရိကန်နှင့် နိုင်ငံ ၅၀ ခန့်က ထောက်ခံထားသည်။
ဖွဲ့စည်းပုံညီလာခံဥက္ကဌနှင့် ဆိုရှယ်လစ်ပါတီဥက္ကဌဒီအိုစ်ဒါဒိုကာဘဲလိုက အတိုက်အခံတို့သည် ပြည်ပကျူးကျော်မှုကို လက်ယပ်ခေါ်၍ ပြည်တွင်းစစ်ဖြစ်ရန်ဖန်တီးနေကြောင်း စွပ်စွဲလိုက်သည်။
ယင်းဖွဲ့စည်းပုံညီလာခံကို လွန်ခဲ့သည့်နှစ်နှစ်က ဖန်တီးခဲ့ခြင်းဖြစ်ပြီး သမ္မတ၏မူဝါဒများကိုငြင်းပယ်သည့် အတိုက်အခံလွှမ်းမိုးသည့်လွှတ်တော်ကို အာဏာသိမ်းသည့် လုပ်ရပ်အဖြစ် ရှုမြင်ခံထားရသည်။
ရွေးကောက်ခံပုဂ္ဂိုလ်တစ်ဦးအား တရားစွဲဆိုမှုကင်းလွတ်ခွင့်ဖယ်ရှားခြင်းကို လွှတ်တော်သို့တင်ပြ အတည်ပြုရန် လိုအပ်သော်လည်း ဟွမ်ဂွိုင်ဒိုအမှုတွင် ယင်းကဲ့သို့ဆောင်ရွက်ရန် မရှိနိုင်ချေ။
ဟွမ်ဂွိုင်ဒိုသည် ပြည်ပသွားလာခွင့် ပိတ်ပင်ထားခြင်းကိုအာခံ၍ လွန်ခဲ့သည့်သီတင်းပတ်များက လက်တင်အမေရိက နိုင်ငံများသို့ သွားရောက်ခဲ့သည်။
ဟွမ်ဂွိုင်ဒိုအား အစိုးရဌာနများတွင် ပါဝင်ဆောင်ရွက်ခွင့် ၁၅ နှစ် တားမြစ်မိန့်ကို တရားရုံးချုပ်ကထုတ်ပြန်ခဲ့ပြီး ၄င်း၏ညာလက်ရုံးဖြစ်သူကိုလည်း အကြမ်းဖက်မှု စွဲချက်များဖြင့် အစိုးရကဖမ်းဆီးထားသည်။
ဟွမ်ဂွိုင်ဒိုအားထိန်းသိမ်းလိုက်ပါက နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့တုံ့ပြန်မည်ကိုသိရှိရန် မာဒူရိုအစိုးရက စမ်းသပ်နေပုံရကြောင်း ဝါရှင်တန်အခြေစိုက် လက်တင်အမေရိကအရေးကျွမ်းကျင်သူ ဂျီအို့ဖ်ရမ်ဆေက ပြောဆိုသည်။
မိမိတို့သာ အရာရာကိုထိန်းချုပ်နိုင်ကြောင်း အတိုက်အခံတို့အား မာဒူရိုအစိုးရက ရှင်းရှင်းလင်းလင်းပြသလိုက်သည့် လက္ခဏာဖြစ်ကြောင်းလည်း ၄င်းကပြောသည်။

















