ကားဘီးကို သံချွန်ဖြင့်ဖောက်၍ ကျပ်သိန်းလေးရာကျော်ကိုလုယူ

ကားဘီးကို သံချွန်ဖြင့်ဖောက်၍ ကျပ်သိန်းလေးရာကျော်ကိုလုယူ

ကြို့ပင်ကောက်မြို့တွင် ကားဘီးကို သံချွန်ဖြင့်ဖောက်၍ ကျပ်သိန်းလေးရာကျော် လုယူခံရမှုကို သက်ဆိုင်ရာက ဧပြီ ၂ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ ည ၇ နာရီခန့်တွင် ပြည်မြို့နေ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ အရွယ် အမျိုးသားက ရန်ကုန် - ပြည်လမ်းအတိုင်း ကြို့ပင်ကောက်မြို့သို့ ကယ်လ်ဒီးနားယာဉ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာခဲ့သည်။

ကြိုပင်ကောက် အောင်ပင်သာအုပ်စုသခွပ် ကုန်းရွာအနီး အရောက် ရုတ်တရက် ကားရှေ့ဘီးပေါက်သဖြင့် ယာဉ်ပေါ်မှဆင်းကြည့်ခဲ့သည်။

ထိုသို့ဆင်းကြည့်ရာ ကားရှေ့ဘီးတွင် သံချွန်နှစ်ချောင်းစူးဝင်နေသည်ကို တွေ့ရပြီး ၄င်းနောက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်စဉ် အမျိုးသားနှစ်ဦးကို တွေ့ရကာ ၄င်းတို့ နှစ်ဦးက တုတ်ဟုယူဆရသည့် အရာဖြင့် ရိုက်ခဲ့သည်။

ထို့နောက်မူးဝေလဲကျစဉ် ကားမှန်ကိုရိုက်ခွဲကာ ငွေကျပ် ၄၀၄ သိန်းထည့်ထားသည့် ဘဏ် တံဆိပ်ပါ လက်ဆွဲအိတ်ကိုယူဆောင်ပြီး ဆိုင်ကယ်ဖြင့် ကြိုပင်ကောက်မြို့ဘက်သို့ မောင်းနှင်ထွက် သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

ကြို့ပင်ကောက်မြို့ မရဲစခန်းက (ပ)၁၇၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။