အယ်လ်ဂျီးရီးယားကို နှစ် ၂၀ အုပ်ချုပ်ခဲ့သည့် သမ္မတ ရာထူးမှနုတ်ထွက်

အယ်လ်ဂျီးရီးယားကို နှစ် ၂၀ အုပ်ချုပ်ခဲ့သည့် သမ္မတ ရာထူးမှနုတ်ထွက်

အယ်လ်ဂျီးရီးယားနိုင်ငံကို နှစ်ပေါင်း ၂၀ ကြာအုပ်ချုပ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ခြင်းမရှိသောကြောင့် လူမြင်ကွင်းမထွက်နိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် သမ္မတ အက်ဘ်ဒယ်လာဇစ် ဘိုတဲဖလီကာသည် ရက်သတ္တပတ် ခြောက်ပတ်ကြာ ဆန္ဒပြမှုများနှင့် စစ်ဦးစီးချုပ်တို့၏ဖိအားပေးမှုတို့ကြောင့် ဧပြီ ၂ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။

သြဇာကြီးမားသော စစ်ဦးစီးချုပ်က အသက် ၈၂ နှစ်အရွယ် ဘိုတဲဖလီကာ ရာထူးမှချက်ချင်းနုတ်ထွက်ရန် ပြတ်ပြတ်သားသားတောင်းဆိုပြီးနောက် သမ္မတသည် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဘိုတဲဖလီကာ ရာထူးမှနုတ်ထွက်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် နိုင်ငံသားများသည် မြို့တော် အယ်လ်ဂျီးယားစ်ရှိ လမ်းမများပေါ်တွင် အောင်ပွဲခံခဲ့ကြသည်။

ဘိုတဲဖလီကာ နုတ်ထွက်မှုကို အတည်ပြုရန် ဖွဲ့စည်းပုံကောင်စီသည် ဧပြီ ၃ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကို စီမံခန့်ခွဲရန် အထက်လွှတ်တော်နာယကသည် ကြားဖြတ်ခေါင်းဆောင်အဖြစ် အများဆုံး ရက် ၉၀ ခန့်တာဝန်ယူရမည်ဖြစ်သည်။

သို့သော် လက်ရှိအထက်လွှတ်တော်နာယက အက်ဘ်ဒယ်ကာဒါ ဘန်ဆာလာသည် ဘိုတဲဖလီကာ၏မဟာမိတ်ဖြစ်သောကြောင့် အစိုးရတစ်ဖွဲ့လုံးကိုပြောင်းလဲလိုသည့် ဆန္ဒပြသူများက လက်လျှော့မည်မလျှော့မည်ကို မသိနို်ုင်သေးချေ။

အုပ်ချုပ်ရေးစနစ်မပြိုလဲရေးအတွက် အရေးပါသော အပြောင်းအလဲများကို ပြုလုပ်ပြီး ဧပြီ ၂၈ ရက်မှသာ ဘိုတဲဖလီကာ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ဘိုတဲဖလီကာက ၎င်းနုတ်ထွက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သမ္မတရုံး၏ထုတ်ပြန်ချက်ကြောင့် ဘိုတဲဖလီကာနှင့် အပေါင်းအပါများသည် ၎င်းတို့အကျိုးစီးပွားအတွက် ရယူသင့်သည်များကို ရယူဦးမည်ဟု စိုးရိမ်မှုများရှိလာခဲ့သည်။

ဧပြီ ၂ ရက်အစောပိုင်းတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်အာမတ် ဂါယစ် ဆာလာသည် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သော အစည်းအဝေးတစ်ခုကိုကျင်းပခဲ့သည်။

ဘိုတဲဖလီကာနှင့် အပေါင်းအပါများသည် နိုင်ငံပိုင်ငွေများကို လိမ်လည်၊ အလွဲသုံးစားလုပ်ခြင်းကို အလုပ်တစ်ခုလိုလုပ်ဆောင်ခဲ့သူများဖြစ်ကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဘိုတဲဖလီကာသည် လေဖြတ်ခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် လူမြင်ကွင်းသို့ထွက်ခြင်းမရှိတော့ချေ။ မကြာသေးမီလများအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် သမ္မတတစ်ဦးသည် တာဝန်ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိသည်အထိ ကျန်းမာရေးကောင်းမွန်ခြင်းမရှိကြောင်း အတည်ပြုရန်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၂ ကို သက်ရောက်စေရေး လုပ်ဆောင်ရန် စစ်ဦးစီးချုပ်ဂါယစ်ဆာလာက တိုက်တွန်းပြောဆိုခဲ့သည်။ ထို့ပြင် ပြည်သူသည်သာ အာဏာအရင်းအမြစ်ဖြစ်သည်ဟု သတ်မှတ်ထားသည့် ပုဒ်မ ၇ သက်ရောက်မှုရှိရေးလုပ်ဆောင်ရန်လည်း ဗိုလ်ချုပ် ဆာလာက တိုက်တွန်းခဲ့သည်။