ဘရူနိုင်း၌ လိင်တူချစ်သူများအား ကျောက်ခဲဖြင့်မသေမချင်းပစ်ခတ်အပြစ်ပေးမည့် ဥပဒေ စတင်သက်ရောက်

ဘရူနိုင်း၌ လိင်တူချစ်သူများအား ကျောက်ခဲဖြင့်မသေမချင်းပစ်ခတ်အပြစ်ပေးမည့် ဥပဒေ စတင်သက်ရောက်

ဘရူနိုင်း၌ လိင်တူချစ်မှုကို ကျောက်ခဲဖြင့် မသေမချင်းပစ်ခတ်အပြစ်ပေးမည့် ဥပဒေသည် ဧပြီ ၃ ရက်မှစ၍ သက်ရောက်မှုရှိပြီဖြစ်သည်။

ဧပြီ ၃ ရက်တွင် သက်ရောက်ခဲ့သည့် ဥပဒေအရ ခိုးမှုကျူးလွန်လျှင်လည်း လက်များကိုဖြတ်ကာ အပြစ်ပေးမည်ဖြစ်သည်။ နိုင်ငံတွင်း တင်းမာပြတ်သားသော အစ္စလာမ်ကျင့်ထုံးများကို သက်ရောက်စေရမည်ဖြစ်ကြောင်း ဘရူနိုင်းအုပ်ချုပ်သူဆူလ်တန်ဟက်ဆာနယ် ဘိုကီယာက ပြောဆိုခဲ့သည်။

ဥပဒေသစ်အရ လိင်တူချစ်နေမှုကို မျက်မြင်သက်သေလေးဦးက မြင်တွေ့ခြင်းနှင့် လိင်တူချစ်ခဲ့ကြောင်း ဝန်ခံခြင်းတို့ရှိပါက ကျောက်ခဲဖြင့် မသေမချင်းပစ်ခတ်အပြစ်ပေးခံရမည်ဖြစ်သည်။

ဘရူနိုင်း၌ ယခင်ကတည်းက လိင်တူချစ်မှုသည် တရားမဝင်သော လုပ်ရပ်ဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြဌာန်းထားပြီးဖြစ်သည်။

ဘရူနိုင်းမှ လိင်တူအသိုက်အဝိုုင်းက ဥပဒေနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်းနှင့် ပြစ်ဒဏ်များသည် အလယ်ခေတ်က ပြစ်ဒဏ်များနှင့်တူညီနေကြောင်း ပြောဆိုခဲ့သည်။

ကိုယ့်ကို လူလို့မသတ်မှတ်ဘဲ ကျောက်ခဲနှင့်ပစ်သတ်လို့သေသွားရင်လည်း ဘာမှမဖြစ်ဘူးဟု မှတ်ယူလိုက်သလိုခံစားရသည်ဟု ဘရူနိုင်းမှလိင်တူချစ်သူတစ်ဦးက ပြောဆိုခဲ့သည်။

ဘော်နီယိုကျွန်းပေါ်ရှိ ဘရူနိုင်းကို ဆူလ်တန် ဟက်ဆာနယ်က အုပ်ချုပ်ခြင်းဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုကြောင့် ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်သည်။

အသက် ၇၂ နှစ်အရွယ် ဆူလ်တန်သည် ဘရူနိုင်းရင်းနှီးမြှုပ်နှံမှုအေဂျင်စီကိုပိုင်ဆိုင်သည်။အေဂျင်စီသည် လန်ဒန်ရှိ ဒေါ်ချက်စတာဟိုတယ်၊ လော့စ်အန်ဂျလိစ်ရှိ ဘီဗာလီဟီးလ်ဟိုတယ်များအပါအဝင် ကမ္ဘာ့ထိပ်တန်းဟိုတယ်အချို့ကို ပိုင်ဆိုင်ထားသည်။

ယင်းကြောင့် ဘရူနိုင်းပိုင်ဆိုင်သော ဟိုတယ်များကို သပိတ်မှောက်ရန် ဟောလီးဝုဒ်သရုပ်ဆောင် ဂျော့ဂျ်ကလူနေနှင့် အခြားနာမည်ကျော်များက ယခုအပတ်တွင်း တိုက်တွန်းပြောဆိုခဲ့သည်။

ဘရူနိုင်းကိုအုပ်ချုပ်သည့် တော်ဝင်မိသားစုသည် အင်မတန်ကြွယ်ဝချမ်းသာပြီး လူများစုဝင်မလေးတိုင်းရင်းသားများသည် နိုင်ငံတော်၏အထောက်အပံ့များကိုရရှိပြီး အခွန်ဆောင်ရခြင်းမရှိချေ။

နိုင်ငံလူဦးရေ ၄၂၀ဝ၀ဝ အနက် သုံးပုံနှစ်ပုံသည် မွတ်စလင်များဖြစ်ကြသည်။