မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်၏ အကျင့်ပျက်ခြစားမှု ပထမဆုံးရုံးတင်စစ်ဆေးခြင်း စတင်

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်၏ အကျင့်ပျက်ခြစားမှု ပထမဆုံးရုံးတင်စစ်ဆေးခြင်း စတင်

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ရာဇာတ်အားအကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ဧပြီ၃  ရက်တွင်ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမှုများစတင်ပြီဖြစ်သည်။

မြို့တော် ကွာလာလမ်ပူတွင် ပထမဆုံး ရုံးတင်စစ်ဆေးမှုသို့ မစ္စတာရာဇာတ် လာရောက်ခဲ့ပြီးထောက်ခံသူအနည်းငယ်က ကြိုဆိုခဲ့ကြောင်းလည်းတွေ့ရသည်။

နိုင်ငံပိုင်ဝမ်းအမ်ဒီဘီရန်ပုံငွေများကိုကိုယ်ကျိုးသုံးမှုစွဲချက်များကြောင့် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အရေးနိမ့်ကာဝန်ကြီးချုပ်ရာထူးလက်လွှတ်ခဲ့ရပြီးနောက် တရားစွဲဆိုမှု အများအပြားနှင့် ရင်ဆိုင်ရလျက်ရှိသည်။

၂၀ဝ၉ မှ ၂၀၁၄ ခုနှစ်အတွင်းမစ္စတာနာဂျစ်နှင့် အပေါင်းအပါများသည် မလေးရှားစီးပွားဖွံ့ဖြိုးရေးအတွက် ထူထောင်ထားသည့် ဝမ်းအမ်ဒီဘီရန်ပုံငွေထဲမှ ဒေါ်လာ ၄ ဒသမ ၅  ဘီလျံထိကို ကိုယ်ကျိုးသုံးခဲ့ကြကြောင်းအမေရိကန်ကဆိုထားသည်။

ထိုငွေများကိုခဝါချကာဟောလီးဝုဒ် ရုပ်ရှင်များရိုက်ကူးရေးအသုံးပြုခဲ့သလို၊ ဟိုတယ်များ၊ ဇိမ်ခံရွက်လှေတစ်စီး၊ အနုပညာလက်ရာများ၊  လက်ဝတ်ရတနာများနှင့် အခြားသောတန်ဖိုးကြီးအသုံးအဆောင်များဝယ်ယူခဲ့ကြောင်းအမေရိကန် စုံစမ်းစစ်ဆေးသူများက ဆိုထားသည်။

မစ္စတာနာဂျစ်၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့လည်းဒေါ်လာသန်း ၇၀ဝ နီးပါးလွှဲယူခဲ့ကြောင်းစစ်ဆေးတွေ့ရှိထားသည်။

မစ္စတာနာဂျစ်ကမူအမှားအယွင်း ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်း၊ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုခြင်း၊ ငွေမည်းခဝါချခြင်းအပါအဝင် စွဲချက် ၄၂ ခုဖြင့် မစ္စတာနာဂျစ်ကိုစွဲဆိုထားသည်။

မစ္စတာနာဂျစ်၏ ဇနီးရိုစ်မာမန်ဆာသည်လည်းဝမ်းအမ်ဒီဘီရန်ပုံငွေကိစ္စနှင့်စပ်လျဉ်းပြီးငွေမည်းခဝါချမှု၊ အခွန်ရှောင်မှုများဖြင့် စွဲချက်တင်ခံထားရကာမစ္စ မန်ဆာကအပြစ်မရှိကြောင်း ငြင်းဆိုထားသည်။

မစ္စ မန်ဆာကို ရုံးတင်စစ်ဆေးမည့် ကာလကိုသတ်မှတ်ရသေးခြင်းမရှိကြောင်း သိရသည်။