ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဦးဆောင်ညွှန်ကြားခဲ့သောမူးယစ်နှိမ်နင်းရေးစစ်ဆင်ရေးကာလအတွင်းလူထောင်ချီသေဆုံးခဲ့မှုနှင့် ပတ်သက်ပြီးရဲတပ်ဖွဲ့ သက်သေမှတ်တမ်းများထုတ်ပြန်ပေးရန် ဗဟိုတရားရုံးချုပ်ကဧပြီ၂ ရက်တွင် အမိန့်ထုတ်လိုက်သည်။
ရဲတပ်ဖွဲ့ မှတ်တမ်းများကိုလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ နှစ်ဖွဲ့ထံသို့လည်းပေးအပ်ရန် ဗဟိုတရားရုံးချုပ်က ညွှန်ကြားလိုက်သည်။
တရားသူကြီး ၁၅ ဦးပါဝင်သောခုံသမာဓိအဖွဲ့ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။သမ္မတ ရိုဒရီဂိုဒူတာတေး၏ မူးယစ်စစ်ဆင်ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီကိုလည်းဗဟိုတရားရုံးချုပ်က သီးခြားအကဲဖြတ်နေဆဲဖြစ်သည်။
ရဲမှတ်တမ်းများကိုတရားရုံးချုပ်ကအကဲဖြတ်နိုင်စေရန် ထုတ်ပြန်ပေးရေးဖိလစ်ပိုင် အစိုးရကအစောပိုင်းတွင် သဘောတူခဲ့သော်လည်း Free Legal Assistance Group နှင့် Center for International Law လူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့ကိုမူမှတ်တမ်းများမပေးအပ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် ပေးအပ်ရမည်ဖြစ်ကြောင်းတရားရုံးချုပ်ကအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တရားရုံးချုပ် ဆုံးဖြတ်ချက်ကိုအထက်ပါနှစ်ဖွဲ့က ကြိုဆိုလိုက်သည်။“ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် တရားရုံးချုပ်ကထိထိရောက်ရောက် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်” ဟုFree Legal Assistance Groupအကြီးအကဲမန်နျူရယ် ချဲဒိုနိုကပြောသည်။
၂၀၁၆ နှစ်လယ်ပိုင်းတွင် သမ္မတဒူတာတေးရာထူးရလာပြီးနောက် မူးယစ်နှိမ်နင်းရေးစစ်ဆင်ရေးဆင်နွှဲကာရဲတပ်ဖွဲ့ကပစ်ခတ်မှုများကြောင့် မူးယစ်နှင့်ဆက်စပ် သံသယရှိသူငါးထောင်ကျော်ထိသေဆုံးခဲ့သည်။
ဥပဒေနှင့်မညီသောပစ်ခတ်သတ်ဖြတ်မှုမျိုးပြုရန် အမိန့်ပေးခဲ့ခြင်းမျိုးမရှိကြောင်းသမ္မတဒူတာတေးက ငြင်းဆိုထားသည်။

















