အရေးယူပိတ်ဆို့မှုများစွာ ချမှတ်ထားသည့် မြောက်ကိုရီးယားသို့ လောင်စာဆီများ တရားမဝင်ထောက်ပံ့ပေးမှုဖြင့် တောင်ကိုရီးယားသင်္ဘောတစ်စင်းကို ထိန်းသိမ်းထားကြောင်း တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ဧပြီ ၃ ရက်တွင်ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာတွင် အရှေ့တရုတ်ပင်လယ်ရှိ နိုင်ငံတကာရေပိုင်နက်၌ မြောက်ကိုရီးယားမှ သင်္ဘောတစ်စင်းနှင့် သင်္ဘောချင်းယှဉ်ရပ်ကာ ဒီဇယ်ဆီများ ထောက်ပံ့ပေးခဲ့ကြောင်း သံသယဖြင့် ပီပိုင်အိုးနီးယားသင်္ဘောအား အောက်တိုဘာမှစ၍ ဘူဆန်းဆိပ်ကမ်းမှ ထွက်ခွာခွင့်ပိတ်ပင်ခဲ့ကြောင်း တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
တောင်ကိုရီးယားသင်္ဘောသည် မြောက်ကိုရီးယားသို့ ဒီဇယ်ဆီများကို မည်မျှထောက်ပံ့ပေးခဲ့သည်ကိုမူ ယင်းအရာရှိက အတည်မပြုခဲ့ချေ။
နျူလက်နက်စီမံကိန်းနှင့်ပတ်သက်၍ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့မှုများချမှတ်ထားခြင်းကို ချိုးဖောက်မှုဖြင့် တောင်ကိုရီးယားသင်္ဘောတစ်စင်း ပထမဆုံးအကြိမ်ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသို့ တရားမဝင် လောင်စာထောက်ပံ့မှုနှင့် မြောက်ကိုရီးယားထုတ် ကျောက်မီးသွေးများကို သယ်ဆောင်ပေးမှုဖြင့် နိုင်ငံခြားသင်္ဘောသုံးစင်းကိုလည်း တောင်ကိုရီးယားက ထိန်းသိမ်းထားသည်။
မြောက်ကိုရီးယားသည် လောင်စာထုတ်ကုန်နှင့် ကျောက်မီးသွေးများကို သင်္ဘောတစ်စင်းမှ တစ်စင်းသို့ ပို့ဆောင်ခြင်းကိုတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ပိတ်ဆို့မှုများကို ချိုးဖောက်နေဆဲဖြစ်ကြောင်း ကုလလုံခြုံရေးကောင်စီ၏ လွန်ခဲ့သောလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

















