ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်နိုင်ရေးအမေရိကန်နှင့် တရုတ် ကိုယ်စားလှယ်များဆွေးနွေးပွဲ ပြန်လည်စတင်

ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်နိုင်ရေးအမေရိကန်နှင့် တရုတ် ကိုယ်စားလှယ်များဆွေးနွေးပွဲ ပြန်လည်စတင်

ကမ္ဘာ့စီးပွားရေးကိုပါ ချည့်နဲ့စေလျက်ရှိသောအမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲကိုအဆုံးသတ်နိုင်ရေးအတွက် နှစ်နိုင်ငံကိုယ်စားလှယ်များသည် ဝါရှင်တန်တွင် ဆွေးနွေးပွဲ ပြန်လည်စတင်ပြီဖြစ်သည်။

ယခုအကြိမ် တွေ့ဆုံမှုသည် ကိုးကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကပေကျင်းတွင် ဆွေးနွေးခဲ့ရာအပြုသဘောဆောင် တိုးတက်မှုများရှိကြောင်းအမေရိကန် ဘဏ္ဍာရေးဝန်ကြီးစတီဗင် မနူချင်ကပြောသည်။

ဝါရှင်တန်ဆွေးနွေးပွဲသို့ တရုတ် ဒုဝန်ကြီးချုပ် လျူ ဟီဦးဆောင်တက်ရောက်ကြောင်း သိရသည်။

ကုန်သွယ်ရေးပြေလည်စေရေးအတွက် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် ၉၀ ရာခိုင်နှုန်းထိဆွေးနွေးထားပြီးဖြစ်ကြောင်း၊ သို့သော် ကျန်ရှိနေသည့် ၁၀ ရာခိုင်နှုန်းသည် အခက်ခဲဆုံး၊ အရှုပ်ထွေးဆုံးဖြစ်ကြောင်းလည်းအမေရိကန်  ကုန်သွယ်ရေးဌာနမှ နိုင်ငံတကာရေးရာဌာနခွဲအကြီးအကဲမာရွန် ဘရီးလီယန်က ပြောသည်။

တရုတ်သည် အမေရိကန်  နည်းပညာများကိုခိုးယူသလို၊ တရုတ်သို့ ဝင်ရောက်လိုသောအမေရိကန်ကုမ္ပဏီများကိုလည်းဖိအားပေးပြီးနည်းပညာမူပိုင်ခွင့်များရယူခဲ့ကြောင်းအမေရိကန်အစိုးရကစွပ်စွဲခဲ့ကာအမေရိကန်သို့ တင်ပို့သည့် တရုတ်ကုန်စည် ဒေါ်လာ ၂၅၀ ဘီလျံဖိုးအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိတိုးမြှင့်ကောက်ခံခဲ့သည်။

တရုတ်ကလည်းတန်ပြန်ကာအမေရိကန်ကုန်စည် ဒေါ်လာ ၁၁၀ ဘီလျံဖိုးအပေါ် အခွန်များတိုးမြှင့်ကောက်ခံခဲ့သဖြင့် ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်ခဲ့ရသည်။

ကုန်သွယ်ရေးစစ်ပွဲကြောင့် နိုင်ငံတကာလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုအသစ်များမလုပ်ရဲဘဲတွန့်ဆုတ်နေခြင်းကြောင့် ကမ္ဘာ့စီးပွားရေးသည်လည်းအရှိန်ကျဆင်းရနိုင်ကြောင်းကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ခန့်မှန်းချက်များထုတ်ပြန်ထားသည်။