ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကန်ဇောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နယ်မြေ စိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက ဧပြီ ၁ ရက် တွင် အေအေအဖွဲ့ဝင် သုံးဦး၊ အေအေအဖွဲ့နှင့် ဆက်သွယ်ခဲ့သူ နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ဧပြီ ၃ ရက်က သတင်းထုတ်ပြန်သည်။
တပ်မတော်လုံခြုံရေးစစ်ကြောင်းက ကန် ဇောက်ကျေးရွာအနီး စစ်တွေ-ကျောက်တော် ကားလမ်း၌ ယာဉ်သွားလာမှုများကို စစ်ဆေး ရာ ဧပြီ ၁ရက် ည ၉နာရီခန့်တွင် စစ်တွေဘက်မှ ကျောက်တော်ဘက်သို့ မောင်းနှင်လာသည့် CINA အမျိုးအစား ယာဉ်အမှတ် YGN-3G/.... .အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ လက်ပြန်ကြိုးတုပ်ခံထားရသူတစ်ဦးအား တွေ့ရှိခဲ့သည်။ စစ်ဆေးချက်အရ လက်ပြန် ကြိုးတုပ်ထားခြင်းခံရသူမှာ အေအေအဖွဲ့မှ ထွက်ပြေးလာသည့် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောကျေးရွာနေ အမှတ် AA -၄၅၇၈ အဆင့် (စိစစ်ဆဲ) မြထွန်းဆိုသူဖြစ်ကြောင်း သိရသည်။
အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဉ်အား ပုဏ္ဏားကျွန်းမြို့ သီရိမဇ္ဇူကျောင်း တိုက်ဆရာတော် ဦးသုဝန (၃၉)နှစ်(လူအမည် ဦးသိန်းကျော်)က မောင်းနှင်လာပြီး ယာဉ်ပေါ်မှ မြောက်ဦးမြို့ ဂန္ဓမာတောင်ကျောင်းတိုက်နေ ဦးဉာဏ အသက် (၄၀) (လူအမည် ဦးခိုင်လှ ထွန်း)နှင့် ပုဏ္ဏားကျွန်းမြို့နေ အေအေအဖွဲ့ဝင် အမှတ် AA-၃၈၅၄၊ အဆင့်(စိစစ်ဆဲ)သိန်းဟန် အသက် (၂၀)နှင့် အေအေသို့ဝင်ရန် လိုက်ပါ လာသည့် ပုဏ္ဏားကျွန်းမြို့နေ ကျော်ဆန်း (၂၆) နှစ်တို့ဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိ
အေအေအဖွဲ့ဝင် သိန်းဟန်အား စစ်ဆေး မေးမြန်းချက်များအရ အေအေအဖွဲ့မှ ညီညီစိုး ဆိုသူက ၎င်းထံဖုန်းဖြင့်ဆက်သွယ်၍ ထွက်ပြေး သွားသော မြထွန်းအားခေါ်ဆောင်ကာ ကွမ်းအုံ ချောင်းကျေးရွာအနီး ပိတောက်ချောင်းတံတား အကျော်တောစပ်သို့ လာရောက်ပို့ဆောင်ရန် နှင့် ထိုမှတစ်ဆင့် ထွန်းလင်းနိုင်ထံသို့ လွှဲပြောင်း ပေးရန်စေခိုင်းခဲ့၍ မြထွန်းအား လက်ပြန်ကြိုး တုပ်၍ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း၊ ထို နေရာသို့သွားရန် ဦးသုဝန (လူအမည် ဦးသိန်း ကျော်)က ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့အနီးသို့ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ သဖြင့် ဦးသုဝန ကိုင်ဆောင်သည့်ဖုန်းကို ဆက်လက်စစ်ဆေးခဲ့ရာ ထွန်းလင်းနိုင်ဆိုသူ နှင့် ဖုန်းဆက်သွယ်ထားရှိမှုများ တွေ့ရှိရသဖြင့် အဆိုပါသံဃာနှစ်ပါးသည် အေအေအဖွဲ့နှင့် ဆက်သွယ်မှုများရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရသည်။
အရေးယူနိုင်ရေး
ဖမ်းဆီးရမိသူများအနက် သံဃာနှစ်ပါးအား စစ်တွေမြို့နယ်သံဃာ့နာယက တောင်ရွှေရာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မိက ရှေ့မှောက်တွင်အပ်နှံ၍ သာသနာ့စည်းမျဉ်း စည်းကမ်းများနှင့်အညီ သိက္ခာချလူဝတ်လဲစေ ခဲ့ပြီး ကျန်သူများနှင့်အတူ တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
















