မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်ဖြစ်သည့် ကလက်ဆီကိုမြို့သို့ သွားရောက်စစ်ဆေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုတွင် လူများပြည့်နေပြီဖြစ်၍ နောက်ထပ်ဝင်ရောက်သူများကို လက်မခံနိုင်တော့ကြောင်း ဧပြီ ၅ ရက်က ပြောဆိုလိုက်သည်။
နယ်စပ်တံတိုင်းကာသည့်နည်းဖြင့် လူဝင်မှုတားဆီးရာတွင် တိုးတက်မှုရှိနေကြောင်း၊ လူဝင်မှုကြီးကြပ်ရေးစနစ် ပြည့်စုံသွားပြီဖြစ်ပြီး အပြင်လူများကို လက်မခံနိုင်တော့ကြောင်း၊ ဝင်ရောက်လာသူများကို တင်းကျပ်စွာစောင့်ကြည့် တားဆီးသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ထရမ့်သွားရောက်သည့် ကလက်ဆီကိုမြို့မှ နယ်စပ်စခန်း၌ ၂ မိုင် ရှည်လျားသည့် သံမဏိချပ်အတားအဆီးသစ်များဖြင့် အစားထိုးထားပြီး တံတိုင်းတည်ဆောက်မှုတော့ မဟုတ်ချေ။
ကလက်စီကိုမြို့သည် ကယ်လီဖိုးနီးယားပြည်နယ်ထဲပါဝင်ပြီး ယင်းပြည်နယ်နှင့် အခြား ၁၉ ပြည်နယ်တို့က သမ္မတထရမ့်၏ နယ်စပ်အရေးပေါ်အခြေအနေကြေညာ၍ တံတိုင်းတည်ဆောက်ရန် ရန်ပုံငွေလွှဲပြောင်းသုံးစွဲမည့် အစီအစဉ်ကို ဥပဒေကြောင်းအရ ကန့်ကွက်ထားသည်။
ကွန်ဂရက်လွှတ်တော်ကလည်း ထရမ့်၏အစီအစဉ်ကိုပယ်ချခဲ့ရာ ထရမ့်က ယင်းကို ဗွီတိုအာဏာသုံး၍ တားဆီးခဲ့သည်။
ထို့ပြင် ထရမ့်က မက္ကဆီကိုနိုင်ငံအနေဖြင့် ၄င်းကိုဖြတ်သန်း၍ အမေရိကန်သို့ဝင်ရောက်လိုသည့် ရွှေ့ပြောင်းခရီးသည်များကို မတားဆီးလျှင် မက္ကဆီကိုနယ်စပ်ကိုပိတ်ပစ်ရန် ခြိမ်းခြောက်ခဲ့သည်။ ကြီးမားသည့် နှစ်ဘက် ကုန်သွယ်မှုပါ ရပ်ဆိုင်းထိခိုက်မည့်အရေးဖြစ်၍ ကန့်ကွက်မှုများပေါ်ပေါက်ခဲ့ပြီး ခြိမ်းခြောက်မှုကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း လိုအပ်ပါကနယ်စပ်ပိတ်ပစ်လိုသည့်သဘောထား မပြောင်းလဲကြောင်း ထရမ့်က ပြောဆိုခဲ့သည်။
အမေရိကန်၏တောင်ဘက်နယ်စပ်သည် မိုင် ၂၀ဝ၀(ကီလိုမီတာ ၃၂၀ဝ)နီးပါးရှည်လျားပြီးမိုင် ၆၅၀(ကီလိုမီတာ ၁၀၅၀)ခန့်၌ အတားအဆီးမျိုးစုံ တည်ဆောက်ခဲ့ပြီးဖြစ်သည်။
လာမည့်နှစ်နှစ်အတွင်း နောက်ထပ် အနည်းဆုံး မိုင် ၄၀ဝ(ကီလိုမီတာ ၆၅၀)တွင် အတားအဆီးများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုသည်။
မတ်လအတွင်း ယင်းနယ်စပ်တစ်လျှောက်မှ ဝင်ရောက်ရန်ကြိုးပမ်းသူများကို ဖမ်းဆီးမှုပေါင်းတစ်သိန်းခန့်ရှိခဲ့ပြီး ၁၂ နှစ်အတွင်း အမြင့်မားဆုံးဖြစ်သည်။
ယင်းတို့အနက်ထက်ဝက်ကျော်သည် ပိုမိုပြုစုစောင့်ရှောက်ရန်လိုအပ်သည့်ကလေးများ ပါဝင်သော မိသားစုများဖြစ်သည်။

















