လစ်ဗျားနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်ညီညွတ်ရေးအတွက် ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးနေပြီး ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင် ရောက်ရှိနေစဉ် မြို့တော်ထရီပိုလီကို စစ်ဆင်လာသည့် စစ်ဘုရင် ခါလီဖာ ဟက်ဖ်တာ၏ တပ်ကို အနောက်ပိုင်းပြည်သူ့စစ်များကတိုက်ခိုက်၍ တပ်သား ၁၀ဝ ခန့်ကို ဖမ်းဆီးနိုင်ခဲ့သည်။
ပဋိပက္ခကျယ်ပြန့်မှုရှောင်ရှားရန် သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုနှင့်အတူ ပြန်လည်ထွက်ခွာခဲ့ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်က ဧပြီ ၅ ရက်၌ ပြောဆိုခဲ့သည်။
ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုသည့် လစ်ဗျားအစိုးရ(ဂျီအင်န်အေ)အခြေစိုက်ရာ ထရီပိုလီမြို့တော်ကို သိမ်းပိုက်မည့်စစ်ဆင်ရေးစတင်ကြောင်း စစ်ဘုရင် ဟက်ဖ်တာက ဧပြီ ၄ ရက်၌ ကြေညာခဲ့သည်။ နိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်ထားပြီး စင်ပြိုင်အစိုးရသဖွယ်ရှိနေသည့် ဟက်ဖ်တာ၏တပ်များကို ဧပြီ ၅ ရက်၌ ထရီပိုလီဆင်ခြေဖုံးတွင် ဂျီအင်န်အေသြဇာခံ ပြည်သူ့စစ်များကလေကြောင်းအကူဖြင့် တိုက်ခိုက်ကာ တပ်သား ၁၀ဝ ခန့်ကို ဖမ်းဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။
လစ်ဗျားကို ကြာရှည်အုပ်စိုးခဲ့သည့် မွမ်မာကဒါဖီ ဖြုတ်ချခံခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်သည် တစ်ကျော့ပြန်အခြေအနေအဆိုးရွားဆုံး ဖြစ်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။
လစ်ဗျားအနောက်ပိုင်းကို ဂျီအင်န်အေအစိုးရနှင့် ပြည်သူ့စစ်အုပ်စုများကထိန်းချုပ်ထားပြီး အရှေ့ပိုင်းတစ်ခွင်ကိုမူ စစ်ဘုရင်ဟက်ဖ်တာစိုးမိုးထားကာ ၄င်းတို့က မြို့တော်ကိုပါသိမ်းပိုက်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ကြားဝင်မှုဖြင့် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲများကျင်းပရန်ရည်ရွယ်၍ အမျိုးသား ပြန်လည်ညီညွတ်ရေး ညီလာခံတစ်ရပ်ကျင်းပမည့်ရက်မတိုင်မီ ဆယ်ရက်ခန့်အလိုတွင် ဟက်ဖ်တာကစစ်ဆင်လာခြင်း ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဧပြီ ၅ ရက်က အရေးပေါ်တံခါးပိတ်အစည်းအဝေးခေါ်ယူခဲ့ပြီး ဟက်ဖ်တာတပ်များနှင့် လစ်ဗျားတပ်များအားလုံး စစ်ရေးလှုပ်ရှားမှုများရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ဧပြီ ၄ ရက်က ထရီပိုလီမှ ကီလိုမီတာ ၅၀ အကွာရှိ ဂါရန်မြို့ကိုတိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်ခဲ့သည့် ဟက်ဖ်တာတပ်များသည် ဧပြီ ၅ ရက်တိုက်ခိုက်မှုအပြီးတွင် နောက်ပြန်ဆုတ်သည့်အခြေအနေရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
လစ်ဗျား၌တင်းမာမှုများလျှော့ချရန် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများစွာတို့က တောင်းဆိုကြရာတွင် ဟက်ဖ်တာကို အဓိကကျောထောက်နောက်ခံပြုသည့် ပြင်သစ်နှင့် ယူအေအီးကဲ့သို့ နိုင်ငံများလည်း ပါဝင်ကြောင်း သိရသည်။

















