ပြဿနာဖြစ်ပေါ်ခဲ့သည့်၇၃၇ မက်စ်လေယာဉ်များ ထုတ်လုပ်မှု လျှော့ချမည်

ပြဿနာဖြစ်ပေါ်ခဲ့သည့်၇၃၇ မက်စ်လေယာဉ်များ ထုတ်လုပ်မှု လျှော့ချမည်

ဘိုးရင်းကုမ္ပဏီအတွက် ရောင်းအကောင်းဆုံးလေယာဉ်မိုုဒယ်ဖြစ်သော်လည်း ငါးလအတွင်း လိုက်ပါသူအားလုံး သေဆုံးခဲ့ရသည့် လေယာဉ်ပျက်ကျမှုနှစ်ခုဖြစ်ခဲ့ရ၍ ပြဿနာတက်ခဲ့ရသော ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်များ ထုတ်လုပ်မှုလျှော့ချမည်ဖြစ်ကြောင်း သိရသည်။

ပျက်ကျမှုများတွင် ပတ်သက်ခဲ့ပုံရသည့် ပျံသန်းမှုထိန်းချုပ်ရေးဆော့ဖ်ဝဲများ ပြန်လည်ပြင်ဆင်ခြင်းဖြင့် ဆွဲဆောင်ခဲ့သော်လည်း တစ်လလျှင် ၇၃၇ မက်စ် ၅၂ စင်းအစား ၄၂ စင်းသာ ထုတ်လုပ်တော့မည်ဟု ဘိုးရင်းက ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့်လက ယင်းလေယာဉ်များကို ကမ္ဘာတစ်ဝန်းရှိလေကြောင်းစီမံသူများက ပျံသန်းခွင့် ဆိုင်းငံ့ထားခဲ့သည်။

အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုနှစ်ခုစလုံးတွင် ၇၃၇ မက်စ်၏ အာရုံခံကိရိယာက မှားယွင်းစွာ တွက်ချက်၍ လေယာဉ်ဦးကို အလိုအလျောက်နှိမ့်ချစေခဲ့သည့်ပြဿနာရှိခဲ့ကြောင်း ပဏာမစူးစမ်းမှုများက ဖော်ပြခဲ့သည်။

လေယာဉ်မှူးများသည် အလိုအလျောက်စနစ်နှင့် ကိုယ်တိုင်ထိန်းချုပ်မှုလွန်ဆွဲရင်း လေယာဉ်များပျက်ကျခဲ့ကြ၍ စုစုပေါင်း လူ ၃၄၆ ဦး သေဆုံးခဲ့ကြသည်။

ဘိုးရင်းသည် လေယာဉ်ဒီဇိုင်းနှင့်တိုးတက်မှုအပေါ် ပြန်လည်သုံးသပ်သည့် အထူးဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။
လေယာဉ်လည်မထွက်အောင်ထိန်းသည့် အမ်စီအေအက်စ်ဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်းနှင့် လေယာဉ်မှူးများ လေ့ကျင့်မှုအသစ် ပြုလုပ်ပေးရာတွင် တိုးတက်မှုများရှိကြောင်း ဘိုးရင်းစီအီးအို ဒန်းနစ်မူလန်ဘာ့ဂ်က ပြောဆိုခဲ့သည်။

ဘိုးရင်းသည် ၇၃၇ မက်စ် အစင်းရေး ၃၀ဝ ကျော် လွှဲပြောင်းပေးထားပြီး အော်ဒါမှာအစင်းရေ ၄၆၀ဝ ကျော် ကျန်ရှိနေကာ အော်ဒါဖျက်သိမ်းမှုအချို့ ရှိခဲ့သည်။ ၇၃၇ မက်စ်များထုတ်လုပ်မှုလျှော့ချရန်ကြေညာခဲ့သော်လည်း ဘိုးရင်းရှယ်ယာဈေးမှာ အနည်းငယ်မျှသာ ကျဆင်းခဲ့သည်။