ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ ၎င်းတို့၏သက်ဆိုင်ရာအလုပ်များကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရေးနှင့် ဘေးကင်းရေးအတွက် နိ်ုင်ငံတကာလူ့အခွင့်အရေးရှေ့နေ အာမယ် ကလူနေက ဦးဆောင်လှုပ်ရှားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ၌ ပြုလုပ်နေသည့် ဂျီ ၇ နိုင်ငံများအစည်းအဝေး တက်ရောက်သော နိုင်ငံခြားရေးဝန်ကြီးများက ပြောဆိုခဲ့သည်။
သတင်းသမားများ လွတ်လပ်စွာလုပ်ကိုင်ခွင့်မရအောင် ကန့်သတ်ထားသည့် ဥပဒေများကို တန်ပြန်ရန်အတွက် အဆိုပြုချက်များရေးဆွဲမည့် ဥပဒေရေးရာအထူးအဖွဲ့၏ တွဲဖက်ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ဂျော့ဂျ်ကလူနေ၏ဇနီး အာမယ်ကလူနေက တာဝန်ယူမည်ဖြစ်သည်။
ကလောင်ကိုင်ထားသူများသည် လည်ပင်းတွင် ကြိုးကွင်းစွပ်ခံရတော့မည်ဟု ခံစားရန်မသင့်ကြောင်း လက်ဘနွန်တွင်မွေးဖွားပြီး ဗြိတိန်နိ်ုင်ငံသားခံယူထားသည့် အေမယ်ကပြောဆိုခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်း သတင်းသမား ၆၀ ကျော်သတ်ဖြတ်ခံခဲ့ရကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့၏စာရင်းအင်းများတွင်ဖော်ပြထားသည်။
ယင်းသေဆုံးသူများအနက် ထက်ဝက်ကျော်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်။
သတင်းသမားများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်းကို နိုင်ငံတကာအဆင့် တားမြစ်ကန့်သတ်ချက်အဖြစ် ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် နိုင်ငံများက အဆင့်မြှင့်တင်သတ်မှတ်သင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီ ဟန့်ကပြောဆိုခဲ့သည်။
ဂျာနယ်လစ်များကိုကာကွယ်ရေးနှင့် ဗြိတိန်နှင့် ကနေဒါအစိုးရတို့၏အားပေးမှုဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ အာမယ်ကို မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအထူးကိုယ်စားလှယ်ခန့်အပ်ကြောင်း ဟန့်ကပြောဆိုခဲ့သည်။
သတင်းသမားများက အာဏာရှိသူများကို မေးခွန်းထုတ်ခွင့်မရ၊ ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ယူခိုင်းလို့မရသည့်အခါတွင် လူ့အဖွဲ့အစည်းသည် တံခါးပိတ်လူ့အဖွဲ့အစည်းဆီသို့ ဦးတည်သွားပြီဖြစ်ကြောင်း ဗြိတိန်နိ်ုင်ငံခြားရေးဝန်ကြီးဂျရမီဟန့်ကပြောဆိုခဲ့သည်။
ယမန်နှစ်တွင် မြန်မာနိုင်ငံ၌ တရားစွဲဆိုအပြစ်ပေးခံခဲ့ရသည့် ရိုက်တာသတင်းဌာနမှ သတင်းသမားနှစ်ဦးကို ကိုယ်စားပြုသည့် ရှေ့နေအဖွဲ့တွင် အာမယ်ကလူနေပါဝင်ခဲ့သည်။
နိုင်ငံ ၁၀ နိုင်ငံတွင် တစ်နိုင်ငံသာ မီဒီယာလွတ်လပ်ခွင့်ရှိနေကြောင်း အာမယ်ကပြောဆိုခဲ့သည်။

















