အရက်နည်းနည်းသောက်လျှင်ပင် လေဖြတ်နိုင်ခြေပိုများစေဟု လေ့လာမှုဖော်ပြ

အရက်နည်းနည်းသောက်လျှင်ပင် လေဖြတ်နိုင်ခြေပိုများစေဟု လေ့လာမှုဖော်ပြ

အရက်နည်းနည်းသောက်သုံးခြင်းပင်လျှင် သွေးပေါင်ချိန်တက်စေပြီး လေဖြတ်နိုင်ခြေများနေကြောင်း လန်ဆက်ဆေးပညာဂျာနယ်၌ ဖော်ပြထားသည့် လေ့လာမှုတစ်ခုအရ သိရသည်။
 

ဗြိတိန်နှင့် တရုတ်သုတေသနပညာရှင်များသည် တရုတ်လူမျိုး ၅၀ဝ၀ဝ၀ ခန့်ကို ၁၀ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်သည်။ အရက်အလွန်အကျွံသောက်သုံးခြင်းသည် ကျန်းမာရေးကိုထိခိုက်စေပြီး လေဖြတ်နိုင်ခြေများစေကြောင်း လေ့လာမှုများအရ သိရှိခဲ့ပြီးဖြစ်သော်လည်း လေ့လာမှုတချို့တွင်မူ အရက်နည်းနည်းသောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေကြောင်းဖော်ပြထားသလို လေ့လာမှုအချို့ကလည်း အရက်သောက်သုံးမှု နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျန်းမာရေးကိုထိခိုက်စေကြောင်း ဖော်ပြထားသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ပီကတင်းတက္ကသိုလ်နှင့် တရုတ်ဆေးသိပ္ပံအကယ်ဒမီတို့မှ သုတေသနပညာရှင်များသည် နေ့စဉ် အရက်တစ်ခွက်နှစ်ခွက်သောက်သုံးခြင်းသည် လေဖြတ်နိုင်ခြေကို ၁၀ မှ ၁၅ ရာခိုင်နှုန်းတိုးမြင့်စေပြီး တစ်ရက်လျှင် အရက်လေးခွက်သောက်သုံးပါက လေဖြတ်နိုင်ခြေကို ၃၅ ရာခိုင်နှုန်းအထိ တိုးမြင့်စေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

လေ့လာမှုအတွက် ပညာရှင်များသည် တစ်ခါသောက်ဆိုသည့် ပမာဏကို ဝိုင်ခွက်ငယ်လေးတစ်ခွက်ဖြင့်သောက်သုံးခြင်း၊ဘီယာတစ်ပုလင်းသောက်သုံးခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ဗြိတိန်ရှိ အမျိုးသား ၁၀ဝ လျှင် ၁၆ ဦး၊ အမျိုးသမီး ၁၀ဝ လျှင် ၂၀ ဦးသည် လေဖြတ်နိုင်ခြေရှိနေကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။ တစ်ရက်လျှင် ဝိုင်တစ်ပုလင်းဝက်သောက်သုံးခြင်းအတွက် လေဖြတ်နိ်ုင်ခြေသည် ၃၈ ရာခိ်ုင်နှုန်းအထိတိုးမြင့်လာနိ်ုင်ကြောင်း ကိမ်းဘရစ်ဂျ်တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ် ရှပီးဂယ်ဟောတာက ပြောဆိုခဲ့သည်။

အရက်သောက်သုံးမှုနှင့် နှလုံးဖောက်ပြန်မှုတို့ကြား ဆက်စပ်မှုနှင့်ပတ်သက်၍မူ ရလဒ်များသည် ရှင်းလင်းပြတ်သားခြင်းမရှိသေးသောကြောင့် နောက်ထပ်လေ့လာရန်လိုအပ်နေသေးကြောင်း အောက်စဖို့ဒ်တက္ကသိုလ်မှ ဆေးပညာစာရင်းအင်းပါမောက္ခ ရစ်ချတ် ပဲတိုကပြောဆိုခဲ့သည်။