လူမျိုးရေးနှင့် ဂျီဟတ်ဆိုင်ရာအကြမ်းဖက်မှုများကို အစိုးရနှင့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များက တားဆီးရန် ပျက်ကွက်ခဲ့ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် မာလီနိုင်ငံ မြို့တော်ဘာမာကို၌ ဧပြီ ၅ ရက်တွင် လူထောင်ပေါင်းများစွာက ချီတက်ဆန္ဒပြခဲ့ကြသည်။
ယခုဆန္ဒပြမှုသည် မကြာသေးမီနှစ်များအတွင်း မာလီ၌ လူအများဆုံးပါဝင်သည့် ဆန္ဒပြမှုဖြစ်သည်။မတ် ၂၃ ရက်တွင် ဒိုဂန်တိုင်းရင်းသားမျိုးနွယ်စုမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် အိုဂိုဆက်ဂိုကျေးရွာရှိ ဖူလာနီစိုက်ပျိုးမွေးမြူရေသမားများကို တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၆၀ ခန့်သေဆုံးခဲ့ပြီးဖြစ်သည်။
ယင်းဖြစ်ရပ်သည် အနောက်အာဖရိက ဆာဟယ်ဒေသ၌ လူမျိုးရေးအရ လူသေဆုံးမှုအများဆုံးဖြစ်ရပ်များတွင် ပါဝင်နေသည်။
မာလီနိုင်ငံရှိ သဲကန္တာရရှိရာမြောက်ပိုင်းမှ ဂျီဟတ်စစ်သွေးကြွများ ဆက်လက်ချီတက်မလာရေး ပြင်သစ်တပ်ဖွဲ့ဝင်များက တားဆီးနိုင်ခဲ့ပြီးနောက် ခြောက်နှစ်အကြာတွင် ဆာဟာရသဲကန္တာရနှင့် အာဖရိကဆာဗန်နာစ်ကြားရှိ ဆာဟယ်ဒေသတစ်ဝန်းတွင် အကြမ်းဖက်မှုများပြန်လည်ထူပြောလာခဲ့သည်။
မာလီသမ္မတ အီဘရာဟင် ဘိုဘာကာကီတာနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ထွက်ခွာသွားရန် တောင်းဆိုထားသည့် စာများကိုရေးသားထားသည့် ကတ်ပြားများကို ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။
အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များကလည်း ဆန္ဒပြမှုများ အကြမ်းဖက်မှုအသွင်ဆောင်လာပါက တားဆီးရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့သည်။
သမ္မတကီတာသည် ဖူလာနီများတိုက်ခိုက်ခံခဲ့ရပြီးနောက် သံသယရှိသည့် ပြည်သူ့စစ်တပ်ဖွဲ့ကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့သည်။
ယခုနှစ်အစောပိုင်းမှစ၍ ဂျီဟတ်ဆန့်ကျင်ရေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏တိ်ုက်ခိုက်မှုကြောင့် လူ ၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂ၏စာရင်းအင်းများတွင်ဖော်ပြထားသည်။
ဧပြီ ၅ ရက်တွင် ဘာသာရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အတိုက်အခံများပါဝင်သော ဆန္ဒပြမှုသည် အကြမ်းဖက်မှုတိုးမြှင့်ဖြစ်ပွားလာခြင်းအပေါ် နိ်ုင်ငံသားများက မကျေမနပ်ဖြစ်နေမှုကို ဖော်ပြလိုက်ခြင်းဖြစ်သည်။

















