ထိုင်းရွေးကောက်ပွဲတွင် မဲရရှိထားမှု တတိယအများဆုံးဖြစ်သည့် အနာဂတ်မျှော်ပါတီ၏ခေါင်းဆောင် သာနာသွန်း ဂျွန်ဂရွန်းဂရူယန်ကစ်သည် နိုင်ငံတွင်း မတည်ငြိမ်မှုဖြစ်ရန်လှုံ့ဆော်ခဲ့ကြောင်း စွဲချက်အတွက် ဧပြီ ၆ ရက်က ရဲစခန်းသို့ သွားရောက်ပြီး စွဲချက်ကိုငြင်းဆိုခဲ့သည်။
နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်သလို ရွေးကောက်ပွဲတွင် မဲအများအပြားရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း သာနာသွန်းက ရဲတပ်ဖွဲ့စခန်းမှ အထွက်တွင် ပြောဆိုခဲ့သည်။
အသက် ၄၀ အရွယ် သာနာသွန်းသည် လူငယ်များကို အဓိကထားသည့် အနာဂတ်မျှော်ပါတီကို တည်ထောင်ခဲ့သည့် ယမန်နှစ်မှစ၍ ဒုတိယအကြိမ်မြောက် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
မတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနာဂတ်မျှော်ပါတီသည် ဆန္ဒမဲ ၆ ဒသမ ၂ သန်းရရှိပြီး မဲရရှိမှုတွင် တတိယနေရာ၌ ရပ်တည်ခဲ့သည်။
၄င်းပါတီသည် အတိုက်အခံများသာပါဝင်သည့် ဒီမိုကရက်တစ်တပ်ဦး မဟာမိတ်အဖွဲ့တွင်ပါဝင်ပြီး အစိုးရဖွဲ့စည်းရန်ကြိုးပမ်းနေကာ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးဆက်လက် ထမ်းဆောင်ခွင့် မရရှိရန်လည်း ရည်ရွယ်သည်။
ယခုတရားစွဲဆိုမှုသည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အမှုကိုအခြေခံခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ ယင်းအချိန်က မိသားစုပိုင ်မော်တော်ယာဉ်အစိတ်အပိုင်းရောင်းချရေးလုပ်ငန်းကို ဦးဆောင်နေသည့် သာနာသွန်းသည် လူငါးဦးထက်ပိုလွန်စုဝေးခြင်းမပြုရ ပိတ်ပင်ထားချိန် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တစ်ဦးကို အကူအညီပေးခဲ့ကြောင်း စွပ်စွဲခံရခြင်းဖြစ်သည်။
စစ်အစိုးရအဖွဲ့ဝင်တစ်ဦးက အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ်ကိုးနှစ်အထိ ကျခံရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်က တရားစွဲဆိုမှုမပြုခဲ့ခြင်းမှာ တာဝန်ရှိသော အရာရှိများ တာဝန်အပြောင်းအလဲကြောင့် ကြန့်ကြာနေခဲ့ရခြင်းဖြစ်ကြောင်း ဒုတိယရဲချုပ် သီရိဝရ ရန်သီဘရာမာနာကူက ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရ ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရပါက သာနာသွန်း၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မှုများ ပယ်ဖျက်ခံရမည်ဖြစ်သည်။

















