ဘရူနိုင်း၏လိင်တူချစ်မှုတိုက်ဖျက်ရေးဥပဒေကို လန်ဒန်၌ ဆန့်ကျင်ဆန္ဒပြ

ဘရူနိုင်း၏လိင်တူချစ်မှုတိုက်ဖျက်ရေးဥပဒေကို လန်ဒန်၌ ဆန့်ကျင်ဆန္ဒပြ

လိင်တူချစ်သူများနှင့် လူမှုရေးဖောက်ပြန်သူများကို ကျောက်ခဲဖြင့် မသေမချင်းပစ်ပေါက်အပြစ်ပေးမည့် ဥပဒေကို ဘရူနိုင်းက အတည်ပြုလိုက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဧပြီ ၆ ရက်တွင်  လူများစွာက ချီတက်ဆန္ဒပြခဲ့သည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်သည်လည်း ဘရူနိုင်းအုပ်ချုပ်သူ ဆူလ်တန်စော်ဘွားအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် ဆုံးဖြတ်မှုကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဥပဒေနှင့်ပတ်သက်၍ နိုင်ငံတကာက စက်ဆုတ်ရွံရှာခဲ့သလို တက္ကသိုလ်သည်လည်း အလားတူခံစားရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် ဘွဲ့ရုပ်သိမ်းမှုကို အစောတလျင်လုပ်ဆောင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လန်ဒန်ရှိ ဘရူနိုင်းအစိုးရပိုင် ဒေါ်ချက်စတာဟိုတယ်အပြင်ဘက်တွင် လူ ၁၀ဝ ခန့်သည် ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူ၊ လိင်ပြောင်း( LGBT) အခွင့်အရေးလှုပ်ရှားမှုဆိုင်ရာ သက်တံရောင်အလံများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပရှိ ဘရူနိုင်းတော်ဝင်မိသားစုနှင့်ဆက်စပ်သော ဒေါ်ချက်စတာဟိုတယ်နှင့် အခြားဟိုတယ်ရှစ်လုံးတို့ကို သပိတ်မှောက်ရန် ဂျော့ဂျ်ကလူနေ၊ အယ်လ်တန်ဂျွန်နှင့် အဲလန် ဒီဂျနရဲစ်တို့အပါအဝင် နာမည်ကျော်များကို တိုက်တွန်းပြောဆိုခဲ့သည်။

ဆန္ဒပြသူများသည် ရှက်ဖွယ်၊ ရှက်ဖွယ် ဟု ကြွေးကြော်ခဲ့ပြီး တချို့ကလည်း ဟိုတယ်ဝင်ပေါက်ရှိ အရန်အတားများကိုကျော်တက်နိုင်ရန် ကြိုးပမ်းခဲ့သည်။

ဥပဒေကိုဖျက်သိမ်းခြင်းမပြုပါက ဘရူနိုင်းကို ဓနသဟာယနိုင်ငံများအဖွဲ့မှ ထုတ်ပယ်သင့်ကြောင်း လေဘာပါတီမှ အမတ် အဲမလီ သွန်းဘယ်ရီကပြောဆိုခဲ့သည်။

လူတစ်ဦးအပေါ် အခြားတစ်ဦးကမုန်းတီးမှုသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်မုန်းတီးမှုဖြစ်ပြီး ဆူလ်တန်နှင့် ဥပဒေကို ဆန့်ကျင်ပါကြောင်း ၎င်းကပြောဆိုခဲ့သည်။

လူဦးရေ သုံးပုံနှစ်ပုံမှာ မွတ်စလင်များဖြစ်ကြသည့် ဘရူနိုင်း၌ အစ္စလာမ်ဘာသာပိုမိုအင်အားကြီးလာရေးအတွက် ရှားရီယားပြစ်မှုဆိုင်ရာဥပဒေတွင် လိင်တူချစ်မှုကိုတိုက်ဖျက်သည့် ပုဒ်မကိုထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဥပဒေသစ်အရ လိင်တူချစ်မှုကို လက်ပူးလက်ကြပ်မိပါက မသေမချင်းကျောက်ခဲဖြင့် ပစ်ပေါက်အပြစ်ပေးခံရမည်ဖြစ်သည်။ကြိမ်ဒဏ်လည်းကျခံရမည်ဖြစ်သည်။

လူမှုရေးဖောက်ပြန်သူများသည်လည်း အလားတူပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။သူခိုးများသည် ပထမဆုံးအကြိမ်ကျူးလွန်ခြင်းဖြစ်ပါက ညာဘက်လက်အဖြတ်ခံရမည်ဖြစ်ပြီး ဒုတိယအကြိမ်ကျူးလွန်ပါက ဘယ်ဘက်ခြေထောက်အဖြတ်ခံရမည်ဖြစ်သည်။ မွတ်စလင်မဟုတ်လျှင် နိုင်ငံခြားသားများနှင့် ကလေးများသည်လည်း အလားတူပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။