၀န်ကြီးချုပ်ပြန်ရွေးခံရပါက အနောက်ဘက်ကမ်းခြေတွင် ဂျူးအိမ်ရာများတိုးချဲ့ပေးရန် အစ္စရေးဝန်ကြီးချုပ် ကတိပြု

၀န်ကြီးချုပ်ပြန်ရွေးခံရပါက အနောက်ဘက်ကမ်းခြေတွင် ဂျူးအိမ်ရာများတိုးချဲ့ပေးရန် အစ္စရေးဝန်ကြီးချုပ် ကတိပြု

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတာယာဟုက ၄င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရပါက အရှေ့ ဂျေရုဆလင်အပါအဝင် အနောက်ဘက်ကမ်းဒေသတွင် ဂျူးအခြေချအိမ်ရာများ တိုးချဲ့တည်ဆောက်ပေးရန် ကတိပြုလိုက်သည်။

အစ္စရေးရွေးကောက်ပွဲကို ဧပြီ ၉ ရက်၌ ကျင်းပမည်ဖြစ်ပြီး နေတာယာဟုသည် အနောက်ဘက်ကမ်းခြေဒေသတွင် ဂျူးအခြေချမှုတိုးပွားရေးထောက်ခံသည့် လက်ယာစွန်းအုပ်စုများအတွက် ကိုယ်စားပြုယှဉ်ပြိုင်မည်ဖြစ်သည်။

စစ်ပွဲအတွင်း သိမ်းပိုက်ခဲ့သည့်ဒေသတွင် အခြေချမှုများသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သော်လည်း အစ္စရေးက ယင်းသတ်မှတ်ချက်ကို ငြင်းဆန်ခဲ့သည်။

ပါလက်စတိုင်းနှစ်သန်းခွဲရှိရာ အနောက်ဘက်ကမ်းတွင် အစ္စရေးက ဂျူးလူမျိုးလေးသိန်းခန့် အခြေချစေခဲ့ပြီးဖြစ်ကာ အရှေ့ဂျေရုဆလင်တွင်လည်း ဂျူးနှစ်သိန်းနေထိုင်နေသည်။

ပါလက်စတိုင်းတို့က အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုဆလင်နှင့် ဂါဇာကမ်းမြောင်ဒေသတို့တွင် နိုင်ငံတစ်ခုထူထောင်လိုသည်။

ဂျုးအခြေချမှုများဆောင်ရွက်နေခြင်းက အနာဂတ်တွင် လွတ်လပ်သည့်ပါလက်စတိုင်းနိုင်ငံ မဖြစ်နိ်ုင်ကြောင်းပြဆိုမှုဟု ပါလက်စတိုင်းတို့က သဘောထားသည်။

ဂျူးအခြေချမှုပြဿနာသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အငြင်းပွားဖွယ်အဖြစ်ဆုံးကိစ္စ တစ်ခုဖြစ်သည်။

ငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးမှုကို ရှောင်ကွင်းရန် အခြေချကိစ္စကို ပါလက်စတိုင်းတို့က အကြောင်းပြချက်လုပ်နေကြောင်း အစ္စရေးတို့က ပြောဆိုထားသည်။

ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအတွက် အခြေချပြဿနာသည် ထင်ရှားသည့် ခလုပ်တန်သင်းတစ်ခု မဟုတ်ကြောင်းလည်း အစ္စရေးတို့ပြောသည်။

ဝန်ကြီးချုပ်စတုတ္ထအကြိမ်ရွေးချယ်ခံလိုသည့် နေတန်ယာဟု၏မူဝါဒများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံထားပြီး ထရမ့်ကိုယ်တိုင်လည်း ပြည်တွင်းမှဂျူးမဲဆန္ဒရှင်များကို ၄င်းအားထောက်ခံရန် စည်းရုံးနေသည်။

၁၉၆၇ ခုနှစ်က ဆီးရီးယားထံမှ အစ္စရေးသိမ်းပိုက်ခဲ့သည့် ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က လွန်ခဲ့သည့်လ၌ အသိအမှတ်ပြုခဲ့သည်။