တံတားတိုင်ကို ဖယ်ရီသင်္ဘောဝင်တိုက်မိ၍ တံတားပြတ်ကျပြီး အဝေးပြေးလမ်းအဆက်ပြတ်တောက်မှု ဘရာဇီးတွင်ဖြစ်ပွား

တံတားတိုင်ကို ဖယ်ရီသင်္ဘောဝင်တိုက်မိ၍ တံတားပြတ်ကျပြီး အဝေးပြေးလမ်းအဆက်ပြတ်တောက်မှု ဘရာဇီးတွင်ဖြစ်ပွား

ဘရာဇီးနိုင်ငံ အမေဇုန်ဒေသတွင် ဧပြီ ၆ ရက်က မြစ်ဖြတ်တံတားတိုင်တစ်ခုကို ဖယ်ရီသင်္ဘောတစ်စီး ဝင်တိုက်မိ၍ တံတားကျိုးပြတ်ကျကာ အရေးပါသည့် အဝေးပြေးလမ်းတစ်ခု အဆက်အသွယ်ပြတ်တောက်ခဲ့သည်။

အခြားမြို့များနှင့် ပါရာပြည်နယ်မြို့တော် ဘီလမ်ကို ဆက်သွယ်သည့် မိုဂျူမြစ်ဖြတ်တံတားပြတ်ကျခဲ့ခြင်းဖြစ်ပြီး တံတားဖြတ်နေသည့် ကားငယ်နှစ်စီးလည်း မြစ်ရေထဲပြုတ်ကျခဲ့ကြောင်း မျက်မြင်သက်သေများ၏အပြောကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဟီလ်ဒါဘာဘာဟိုက အစီရင်ခံသည်။

ပျက်စီးသွားသည့်ဖယ်ရီသင်္ဘောပေါ်မှ ဝန်ထမ်းငါးဦးအသက်ရှင်ခဲ့သော်လည်း ရေထဲကျသွားသည့် ကားများထဲတွင် လူမည်မျှပါကြောင်း မသိရသေးဘဲ ရေငုပ်သမားက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဆဲဖြစ်သည်။

မီတာ ၈၆၀ ရှည်လျားသည့် တံတား၏ မီတာ ၂၀ဝ ခန့်ရှည်သည့်အစိတ်အပိုင်း ပြတ်ကျခဲ့ခြင်းဖြစ်သည်။ တံတားတိုင်များတွင် ပြဿနာရှိ၍ ပြီးခဲ့သည့်ဇန်နဝါရီက စစ်ဆေးရေးပြုလုပ်ခဲ့ကြောင်း၊ သို့သော် အခြေအနေဆိုးရွားသည်ဟု အာဏာပိုင်များက မယူဆခဲ့ကြောင်း၊ အရေးပေါ်ရန်ပုံငွေ တောင်းခံထားဆဲဖြစ်ကြောင်း ဒေသခံသတင်းများက ဖော်ပြခဲ့သည်။

တံတားပြတ်ကျပြီးနောက် ကူးတို့သင်္ဘောများဖြင့် မြစ်ဖြတ်သန်းရန် စီစဉ်ပေးမည်ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့ပြီး တံတားခန်းဖွင့်ပြန်လည်တည်ဆောက်မှုသည် ဒေါ်လာ ၂၅ သန်းကုန်ကျကာ အချိန်တစ်နှစ်ကြာနိုင်ကြောင်း သိရသည်။

တံတားတွင် ဒဏ်ခံကိရိယာနှင့် တိုင်များ၌ သတိပေးသင်္ကေတများ ထည့်သွင်းသွားမည်ဟုလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

၂၀၁၄ ခုနှစ်ကလည်း ယင်းဒေသတွင်းရှိ အခြားတံတားတိုင်တစ်ခုကို ရေယာဉ်တစ်စင်းဝင်တိုက်မိ၍ တံတားသည် မီတာ ၅၀ ခန့် ပျက်စီးခဲ့ရဖူးသည်။ဧပြီ ၆ ရက်ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။