ဘရက်ဇစ် သဘောတူချက် အချိန်တိုအတွင်းရနိုင်ဖွယ်မရှိဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဆို

ဘရက်ဇစ် သဘောတူချက် အချိန်တိုအတွင်းရနိုင်ဖွယ်မရှိဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဆို

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးဘရက်ဇစ် သဘောတူချက်ကို ဗြိတိန်လွှတ်တော်ကသုံးကြိမ်တိုင် ပယ်ချခဲ့ပြီဖြစ်သောကြောင့် နောက်ထပ် အချိန်တိုအတွင်းလွှတ်တော်၏ ထောက်ခံချက်ကိုရနိုင်ဖွယ်မရှိတော့ဟုဝန်ကြီးချုပ် ထရီဆာမေကပြောကြားလိုက်သည်။

မတ် ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် သတ်မှတ်ထားသော်လည်းဥရောပသမဂ္ဂနှင့် ဝန်ကြီးချုပ် မေတို့ သဘောတူထားသော နုတ်ထွက်ရေးသဘောတူချက်ကို ဗြိတိန်လွှတ်တော်ကထောက်ခံခြင်းမရှိသည့်အတွက် နုတ်ထွက်ရမည့် နောက်ဆုံးရက်ကိုဧပြီ  ၁၂ရက်သို့ ဥရောပသမဂ္ဂကရွှေ့ဆိုင်းပေးထားခဲ့သည်။

သို့သော် ဘရက်ဇစ် သဘောတူချက်ကို ဗြိတိန်လွှတ်တော်ကသုံးကြိမ်တိုင်  ပယ်ချခဲ့သောကြောင့် လာမည့် ဧပြီ ၁၂  ရက်၌လည်း နုတ်ထွက်နိုင်ဖွယ်မရှိကြောင်းဝန်ကြီးချုပ် မေကအသိပေးပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် မေသည် ဘရက်ဇစ် သဘောတူချက်ကိုအောက်လွှတ်တော်တွင် ထောက်ခံမှု လုံလောက်ရေးအတွက် အတိုက်အခံလေဘာပါတီခေါင်းဆောင်ပိုင်းနှင့် ပြီးခဲ့သည့် သုံးရက်တိုင် ဆွေးနွေးခဲ့သော်လည်းခိုင်မာသောသဘောတူညီချက် မရခဲ့ဘဲ၊ အစိုးရသည် ခိုင်မာသောအပြောင်းအလဲမျိုးကမ်းလှမ်းခြင်းမရှိဟုလေဘာပါတီကဝေဖန်ခဲ့သည်။

ဗြိတိန် နုတ်ထွက်မည့်ရက်ကိုနောက်သို့ ထပ်ရွှေ့ဆိုင်းပေးရန် ဝန်ကြီးချုပ် မေသည် ဥရောပသမဂ္ဂထံသို့  တင်ပြတောင်းဆိုရမည်ဖြစ်ပြီး၊ ဥရောပသမဂ္ဂကရက်ထပ်မတိုးပေးပါကဧပြီ  ၁၂ ရက်တွင် ဗြိတိန်သည်  ဥရောပသမဂ္ဂမှ အစီအစဉ်မကျ ကသောင်းကနင်းထွက်ခွာရတော့မည်ဖြစ်သည်။

နုတ်ထွက်မည့်ရက်ကိုဇွန် ၃၀ ရက်ထိရွှေ့ဆိုင်းခွင့်ရရန် ဗြိတိန်ဝန်ကြီးချုပ်မေကတင်ပြတောင်းဆိုရန်ရှိကြောင်းလည်းသိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် ဘရပ်ဆဲမြို့တွင် ဧပြီ   ၁၀ ရက်၌  တွေ့ဆုံကာ ဗြိတိန်၏ နုတ်ထွက်ရက် ရွှေ့ဆိုင်းခွင့်ကိစ္စ ဆွေးနွေးညှိနှိုင်းရန်ရှိသည်။