ဂျီ-၇ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး ပြင်သစ်နိုင်ငံတွင် ဆွေးနွေးပွဲဧပြီ၆ ရက်ကအပြီးသတ်ခဲ့သော်လည်းအရှေ့အလယ်ပိုင်းဒေသအရေးနှင့် ပတ်သက်ပြီးသဘောထားကွဲလွဲနေကာခိုင်မာသောရပ်တည်ချက်မျိုးမပြသနိုင်ခဲ့ကြောင်း သိရသည်။
ဂျီ-၇ အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက် ပွမ်ပီယိုလည်းတက်ရောက်ခြင်းမရှိခဲ့ပေ။ကမ်းခြေအပန်းဖြေစခန်းမြို့ ဒိုင်နာ့ဒ်တွင် နှစ်ရက်ကြာဆွေးနွေးပွဲ၌ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများကိုနေရာပိုပေးရေး၊ ခိုလှုံသူများအားလူကုန်ကူးနေမှုများလျှော့ချနိုင်ရန် အာဖရိကရှိဆာဟယ်ဒေသ နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအတွက် သဘောတူချက်များချမှတ်နိုင်ခဲ့သည်။
အရှေ့အလယ်ပိုင်းကအစ္စရေး-ပါလက်စတိုင်းအရေး၊ အီရန် နျူကလီးယားအရေးစသည့်ကဏ္ဍများအတွက် ဘုံသဘောတူညီချက် မရရှိခဲ့ဘဲသဘောထားကွဲလွဲခဲ့ကြသဖြင့် ကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပေ။
တာဝန်ယူမှု တာဝန်ခံမှုရှိသောအွန်လိုင်းရပ်ဝန်းထူထောင်ရေး၊ ပဋိပက္ခဒေသများတွင် လိင်ပိုင်းအမြတ်ထုတ်ခံရသူများအားကူညီရေးရန်ပုံငွေ ထူထောင်ရေး၊ ကမ္ဘာတစ်ဝန်းမျှတသောဥပဒေစိုးမိုးမှုရှိရေးပူးပေါင်းဆောင်ရွက်ကြရန်လည်းသဘောတူညီခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် ဇွန်လက ကနေဒါနိုင်ငံတွင် ဂျီ-၇ အစည်းအဝေးကျင်းပစဉ်က သမ္မတဒေါ်နယ်ထရမ့်သည် ပူးတွဲထုတ်ပြန်ချက်ကိုကနဦးတွင် ထောက်ခံခဲ့သော်လည်း၊ နောက်ပိုင်းတွင် ကုန်သွယ်ရေးကဏ္ဍ ထုတ်ပြန်ချက်ကိုကန့်ကွက်ကာ၊ အိမ်ရှင် ကနေဒါဝန်ကြီးချုပ် ဂျင်စတင် ထရူဒိုကိုလည်းတွစ်တာပေါ်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
ယခုနှစ် ဂျီ-၇ အစည်းအဝေးမတိုင်မီအဖွဲ့ဝင် အီတလီနိုင်ငံသည် တရုတ်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းတွင် ပထမဆုံးလက်မှတ်ထိုးသည့် ဂျီ-၇ နိုင်ငံဖြစ်လာမှုကြောင့်လည်းအဖွဲ့ဝင်နိုင်ငံများကြားတင်းမာမှုများ မြင့်တက်ခဲ့ရသည်။

















