ဂရိနိုင်ငံမြောက်ပိုင်းတွင် အာဖရိကခိုလှုံသူများနှင့် ရဲများထိပ်တိုက်ရင်ဆိုင်မှုများ သုံးရက်မြောက်အဖြစ် ဧပြီ ၆ ရက်က ဖြစ်ပွားခဲ့ကာခိုလှုံသူများကရဲများကိုခဲနှင့်ပေါက်သလို၊ ရဲများကလည်းမျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်တုံ့ပြန်ခဲ့သည်။
ဂရိမြောက်ပိုင်းဒီဗာတာမြို့အနီးခိုလှုံရေးစခန်းတွင် ပဋိပက္ခများ ဖြစ်ပွားခြင်းဖြစ်သည်။
ဥရောပအလယ်ပိုင်းနိုင်ငံများသို့ ခရီးဆက်နိုင်မည့် နယ်စပ်လမ်းကြောင်းများဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ နယ်စပ်များတွင် ပရဟိတအဖွဲ့များကဘတ်စ်ကားများ ပြင်ဆင် အသင့်စောင့်ဆိုင်းကာခိုလှုံသူများကိုဥရောပအလယ်ပိုင်းနိုင်ငံများထိပို့ဆောင်ပေးနေပြီဖြစ်ကြောင်းဆိုရှယ်မီဒီယာများပေါ်တွင် သတင်းတုများတက်လာပြီးနောက် ဒီဗာတာခိုလှုံရေးစခန်းတွင် ခိုအောင်းနေသူများသည် ခရီးဆက်ရန် ကြိုးပမ်းသဖြင့် ရဲများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အေသင်မြို့တွင်လည်းခိုလှုံသူများသည် မတ် ၅ ရက်ကဘူတာကြီးကိုပိတ်ဆို့ထားကြသဖြင့် ရထားသွားလာမှုများ နှောင့်နှေးခဲ့ရသည်။
ဂရိသို့ ရောက်ရှိနေသောခိုလှုံသူများဥရောပအလယ်ပိုင်းနှင့် မြောက်ပိုင်းနိုင်ငံများသို့ ခရီးမဆက်နိုင်စေရန်အတွက် နယ်စပ်လမ်းကြောင်းများကိုတင်းကျပ်စွာပိတ်ထားသည်မှာသုံးနှစ်တိုင်ခဲ့ပြီဖြစ်သည်။
“သတင်းတုတွေကြောင့် အခုလိုမတည်ငြိမ်မှုတွေ ဖြစ်လာရတာပါ” ဟုဂရိမြောက်ပိုင်းခိုလှုံသူမူဝါဒဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူနီကိုးရာဂျာကပြောသည်။
သတင်းတု ဖြန့်ဝေသူများကိုဖော်ထုတ်နိုင်ရန် ဂရိဆိုက်ဘာရာဇဝတ်မှုများအဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒီဗာတာခိုလှုံရေးစခန်းတွင် ဆန္ဒပြနေသည့် ခိုလှုံသူအများစုမှာဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့မှဖြစ်သည်။
အများစုမှာခိုလှုံရေးစခန်းတွင် နေထိုင်သူများမဟုတ်ဘဲ ဥရောပအလယ်ပိုင်းသို့ ဆက်လက်ချီတက်နိုင်ရန်အတွက် ဂရိနိုင်ငံတစ်ဝန်းခိုလှုံရေးစင်တာများမှ စုဝေးရောက်ရှိလာသူများဖြစ်သည်။

















