ကျူးဘားနိုင်ငံမြို့တော် ဟာဗားနား၌ ဧပြီ ၇ ရက် အစောပိုင်းတွင် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများသည် ချီတက်ပြီး နိုင်ငံတွင်း တိရစ္ဆာန်များအား နှိပ်စက်ညှဉ်းပန်းမှုရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျူးဘားအစိုးရသည် အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခု၏ ချီတက်လိုကြောင်း လျှောက်ထားမှုကို ပထမဆုံးအကြိမ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သမိုင်းဝင်အဖြစ်အပျက်ဖြစ်ကြောင်း ချီတက်ရန် ခွင့်ပြုမိန့်ရရှိခဲ့သည့် အသက် ၂၁ နှစ်အရွယ် အများပြည်သူဆက်သွယ်ရေးပညာကျောင်းသား ဘီးထရစ် ဒယ်ကာမန် ဟီဒယ်ဂို ဂါတို ဘာတစ္စတာကပြောဆိုခဲ့သည်။
ကျူးဘားသည် အများပြည်သူစုဝေးခွင့်ကို ပိတ်ပင်ထားသော နိုင်ငံဖြစ်သည်။ခွင့်ပြုမိန့်မရဘဲ နိုင်ငံရေးအရ မိန့်ခွန်းပြောဆိုပါက ရဲတပ်ဖွဲ့၏ အချိန်မဆိုင်းနှိမ်နင်းခြင်းကိုခံရပြီး ဖမ်းဆီးချုပ်နှောင်ခံရမည်ဖြစ်သည်။
ကျူးဘားအစိုးရသည် အစိုးရနှင့် ကွန်မြူနစ်ပါတီတို့၏ကြီးကြပ်မှုဖြင့်ပြုလုပ်သော ချီတက်ပွဲများကိုသာ ခွင့်ပြုထားသည်။
မကြုံစဖူးထူးကဲလှကြောင်း ချီတက်ပွဲစီစဉ်သူဖြစ်သလို ကျူးဘားရှိ တိရစ္ဆာန်ချစ်သူများဆိ်ုင်ရာ မဂ္ဂဇင်း The Ark ၏ထုတ်ဝေသူလည်းဖြစ်သည့် အဲဘာတို ဂွန်ဇာလက်ဇ်က ပြောဆိုခဲ့သည်။
တည်ထောင်မှုသက်တမ်း ၁၀ နှစ်သာရှိသေးသည် သစ်တောသစ်ပင်ထိန်းသိမ်းစောင့်ရှောက်သူများ အမည်ရှိအဖွဲ့သည် ဟာဗားနား၌ သစ်ပင်များစိုက်ပျိုးခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကိုပြုလုပ်နေကြောင်း တည်ထောင်သူ ဇီဝဗေဒပညာရှင် အစ္စဘယ် ဒီးယက်ဇ်ကပြောဆိုခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် မြို့တော်တွင်း အမှိုက်ကောက်နေသည့် အဖွဲ့ဝင် ၁၄ ဦးတို့အား ထောက်လှမ်းရေးများက ဓာတ်ပုံရိုက်ခြင်းနှင့် ခြိမ်းခြောက်ပြောဆိုခြင်းတို့ကိုပြုလုပ်ခဲ့သည်။
ကျူးဘားတွင် တိရစ္ဆာန်နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေးဥပဒေများမရှိသောကြောင့် ဥပဒေပြဌာန်းပေးရန် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများအတွက် တောင်းဆိုနေကြခြင်းဖြစ်သည်။
နိုင်ငံတွင်း အစိုးရက အသိအမှတ်ပြုထားသော တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ အဲနီပလန့်ဆိုသည့် အဖွဲ့နှင့် ဟာဗားနားနှင့် အခြားမြို့ကြီးအချို့၌ အစိုးရမဟုတ်သော တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ငယ်အချို့ရှိနေသည်။
တိရစ္ဆာန်များကာကွယ်စောင့်ရှောက်ရေး ကျူးဘားသားအမည်ရှိ အဖွဲ့ဦးဆောင်ကာ ဧပြီ ၇ ရက်တွင် ချီတက်ခဲ့ကြသည်။
နိုင်ငံတွင်း ဆန္ဒရှိသည့် အရာကို ဖြစ်ပေါ်လာရန်တောင်းဆိုခွင့်ရှိနေကြောင်း အဖွဲ့တည်ထောင်သူ အကပညာရှင် ဂရက်တယ် မွန်တဲစ် အိုကာ ဗယ်လ်ဒက်စ်က ပြောသည်။
၂၀ ရာစုအစောပိုင်းတွင် ကျူးဘား၌ တိရစ္ဆာန်အခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားခဲ့သည့် အမေရိကန်နိုင်ငံသား ဂျနက်ရိုင်ဒါ၏ သင်္ချိုင်းဂူတွင် ချီတက်မှုကို အဆုံးသတ်ခဲ့ကြသည်။
အဲနီပလန့်သည် ဧပြီလတိုင်း ရိုင်ဒါ၏ဂူသို့ချီတက်ကာ ဂါရဝပြုမှုများကို ပုံမှန်ပြုလုပ်ခဲ့သည်။

















