ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့၏လုပ်ရပ်များကြောင့် ဆီးရီးယားရှိ ကလေးငယ်များသေဆုံးရခြင်းဖြစ်ပြီး ကြွယ်ဝသော အနောက်နိုင်ငံများသည် စစ်ပွဲဇုန်များသို့ လက်နက်များရောင်းချခြင်းကြောင့် ပဋိပက္ခများပိုမိုကြီးထွားလာခဲ့ရခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဧပြီ ၆ ရက်တွင် ပြစ်တင်ပြောဆိုခဲ့သည်။
ကြွယ်ဝချမ်းသာသော ဥရောပနှင့် အမေရိကန်တို့က လက်နက်များရောင်းချနေခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် စစ်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မီလန်မြို့ရှိ ဆန်ကာလိုအင်စတီကျု၌ ကျောင်းသားများနှင့် ဆရာများကိုပြောဆိုခဲ့သည်။
လက်နက်ထောက်ပံ့ပေးသည့် နိုင်ငံများမရှိဘဲ အာဖဂန်နစ္စတန်၊ ယီမင်နှင့် ဆီးရီးယားကဲ့သို့ နိုင်ငံများတွင် စစ်ဖြစ်ရန် အကြောင်းမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
ကလေးငယ်တစ်ဦးသေဆုံးတိုင်း၊ မိသားစုတစ်စုပျက်စီးတိုင်း လက်နက်ထုတ်လုပ်ပြီး ရောင်းချသည့် နိုင်ငံတစ်နိုင်ငံ၏ လိပ်ပြာစိတ်တွင် သွေးစွန်းလိမ့်မည်ဖြစ်ကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်။
ထို့ပြင် ရာဇဝတ်မှုများဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ခိုလှုံသူများကို လက်မခံရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည့် နိ်ုင်ငံများကို ဖရန်စစ်က ဝေဖန်ပြောဆိုခဲ့သည်။
အီတလီ၌ ခိုလှုံသူအများအပြားရှိနေသော်လည်း ရာဇဝတ်မှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းများမှာ ခိုလှုံသူများကြောင့် မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
မာဖီးယားလူဆိုးဂိုဏ်းများကို နိုင်ဂျီးရီးယားများက တည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ အီတလီနိုင်ငံဖွားများကသာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်။
လူတိ်ုင်းသည် ရာဇဝတ်မှုကျူးလွန်နိုင်ခြေရှိနေပြီး ရွှေ့ပြောင်းများသာ ကျူးလွန်နိုင်ခြေရှိခြင်းမဟုတ်ကြောင်း၊ ဥရောပကို ရွှေ့ပြောင်းများက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းများသည် ကြွယ်ဝမှုများကိုဆောင်ကြဉ်းလာတတ်ကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်။

















