နီပေါတွင် မိစ္ဆာမောင်းထုတ်ခြင်း မြင်းခင်းသဘင်ပွဲဆင်နွှဲ

နီပေါတွင် မိစ္ဆာမောင်းထုတ်ခြင်း မြင်းခင်းသဘင်ပွဲဆင်နွှဲ

နီပေါနိုင်ငံတွင် ဟိန္ဒူမိစ္ဆာနတ်ဆိုးဂူရူမာပါကိုမောင်းထုတ်ခြင်း မြင်းခင်းသဘင်ပွဲကိုနီပေါ တပ်ဖွဲ့ဝင်များဦးဆောင်လျက် မြို့တော် ခတ္တမန္ဒူရှိစစ်ရေးပြကွင်းပြင်တွင် ဧပြီ ၇ ရက်ကဆင်နွှွှဲခဲ့သည်။

နီပေါတပ်ဖွဲ့ဝင်များသည် မြင်းခင်းသဘင်ပွဲတွင် မြင်းစီးစွမ်းရည်၊ စစ်ရေးစွမ်းရည်များ  ပြသခဲ့ကြပြီး မြင်းခွာနာနာပေါက်လေမိစ္ဆာနတ်ဆိုးကိုမောင်းထုတ်နိုင်လေဟုအစဉ်အလာယုံကြည်မှုရှိကြသည်။

မိစ္ဆာမောင်းထုတ်သည့် ဂိုဒီဂျာထရာပွဲတော်  မကျင်းပမီသုံးလကျော်ကလည်းကစစ်သည်များသည် မိမိတို့စီးမည့်မြင်းနှင့် ရင်းနှီးအောင် အချိန်ပေးလေ့ကျင့်ခဲ့ကြရသည်။

လွန်ခဲ့သော ၁၆၉ နှစ်မှစတင်ကာနီပေါဘုရင်တစ်ပါးကမိစ္ဆာမောင်းထုတ်သည့် မြင်းခင်းသဘင်ပွဲကျင်းပရန် စစ်တပ်ကို ညွှန်ကြားခဲ့ကာအစဉ်အလာပွဲတော်တစ်ရပ်အဖြစ် ယနေ့ထိတိုင် တည်တံ့နေခြင်းဖြစ်သည်။

မြို့တော်  ခတ္တမန္ဒူရှိနန်းတော်ရာဟောင်းနေရာ မြင်းတပ်ကွင်းဟောင်းနေရာ၌ နီပေါစစ်သည်များသည် ပွဲဝင်မည့် မြင်းကိုယ်စီကိုနေ့စဉ် လေ့ကျင့်ကာရင်းနှီးအောင် လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။

မြင်းတပ်ကွင်းတွင် မြင်း ၁၀၆ ကောင်၊ မြင်းစီးစစ်သည် ၂၀ဝ ခန့်ရှိသည်။

“မြင်းတွေဟာကလေးတွေနဲ့ တူတယ်။ သူတို့ကိုကောင်းကောင်းဆက်ဆံရင် ကိုယ့်အပေါ် ကောင်းတယ်။ ကောင်းကောင်းမဆက်ဆံရင်တော့ ကလေးဆိုးတွေလိုပဲ ပြဿနာရှာတတ်တယ်”  ဟု မြင်းတပ်ဗိုလ်  ရမ် ရှာသာက မြင်းများကိုကလေးများနှင့် ဥပမာပေးဖော်ပြသည်။

မြင်းခင်းသဘင်ပွဲသို့ နီပေါ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များနှင့် နီပေါ ပြည်သူများတက်ရောက်အားပေးခဲ့ကြသည်။