လစ်ဗျားမြို့တော် ထရီပိုလီအနီး တိုက်ပွဲများနီးကပ်လာချိန်တွင် အမေရိကန်နိုင်ငံသည် လစ်ဗျားရောက် အမေရိကန် တပ်ဖွဲ့အချို့ကို ယာယီပြန်လည်ရုပ်သိမ်းလိုက်သည်။
ကုလသမဂ္ဂနောက်ခံပြုအစိုးရရုံးစိုက်ရာ ထရီပိုလီသို့ချီတက်လာသည့် စစ်ဘုရင် ခါလီဖာဟက်ဖ်တာ၏ တပ်များနှင့် ပြည်သူ့စစ်များတိုက်ခိုက်နေကြ၍ မြေပြင်လုံခြုံရေးအခြေအနေအရ စစ်သည်အချို့ကိုရုပ်သိမ်းကြောင်း အရေအတွက် မဖော်ပြဘဲ အမေရိကန်မရင်းတပ် ဗိုလ်ချုပ်ကြီး သောမတ်စ်ဝေါဟောက်ဇာက ပြောဆိုခဲ့သည်။
ထရီပိုလီအရှေ့ပိုင်း ဂျန်ဇိုကမ်းခြေတွင် အမေရိကန်ရေတပ်မှ ဟော်ဗားယာဉ်များက စစ်သည်များ သယ်ယူပို့ဆောင်ပေးနေပုံ ဗွီဒီယိုပုံရိပ်များ အွန်လိုင်းတွင် ပြန့်နှံ့ခဲ့သည်။
အိုင်အက်စ်နှင့် အယ်ခိုင်ဒါစစ်သွေးကြွများကို လစ်ဗျားတိုက်ခိုက်ရာတွင်ကူညီရန် သံတမန်များကို ကာကွယ်ရန် လစ်ဗျားတွင် အမေရိကန်စစ်သည်အချို့ ရှိနေခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည်လည်း ၄င်း၏ငြိမ်းချမ်းမှုထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင် ၁၅ ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာဆွာရာဂျ်က ပြောသည်။
လစ်ဗျားအရှေ့ပိုင်းကို ချုပ်ကိ်ုင်ထားသည့် စစ်ဘုရင် ခါလီဖာဟက်ဖ်တာ၏ အယ်လ်အင်န်အေတပ်သည် မြို့တော်ကို သိမ်းပိုက်မည့် စစ်ဆင်ရေးတစ်ရပ်ကို လွန်ခဲ့သည့်အပတ်က လျှပ်တစ်ပြက်စတင်ခဲ့သည်။ယင်းကြောင့် ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်လာမည်ကို စိုးရိမ်နေရသည်။
လစ်ဗျားတွင် အာဏာရှင်မွမ်မာကဒါဖီ ဖြုတ်ချသတ်ဖြတ်ခံခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ်၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် နိုင်ငံအနောက်ပိုင်းကို ကုလထောက်ခံသည့် ထရီပိုလီအခြေစိုက်အစိုးရအုပ်ချုပ်ပြီး အရှေ့ပိုင်းကို စစ်ဘုရင် ဟက်ဖ်တာ စိုးမိုးထားကာ နှစ်ဘက်စလုံးတွင် သစ္စာခံပြည်သူ့စစ်တပ်ဖွဲ့များလည်း ရှိကြသည်။
ထရီပိုလီမှ လစ်ဗျားသမ္မတကောင်စီဥက္ကဌ ဖာယက်ဆာရာဂျ်နှင့် ဟက်ဖ်တာတို့ ဖေဖော်ဝါရီလအတွင်း အဘူဒါဘီ၌ စေ့စပ်ဆွေးနွေးခဲ့ပြီးဖြစ်ကာ ရွေးကောက်ပွဲများကျင်းပရန်သဘောတူထားကြသည်။ဟက်ဖ်တာ သစ္စာဖောက်ခဲ့ပြီဖြစ်ကြောင်း ဖာယက်ဆာရာ့ဂျ်က ပြောဆိုခဲ့သည်။

















