သစ်ကြားသီးဒေါသူပုန်ထမှုဖြင့်ကျော်ကြားခဲ့သူ၏ဖခင် ကိုရီးယားအဲလိုင်းဥက္ကဋ္ဌ ကွယ်လွန်

သစ်ကြားသီးဒေါသူပုန်ထမှုဖြင့်ကျော်ကြားခဲ့သူ၏ဖခင် ကိုရီးယားအဲလိုင်းဥက္ကဋ္ဌ ကွယ်လွန်

“သစ်ကြားသီးဒေါသူပုန်မှု” ဖြင့် နာမည်ဆိုးကျော်ကြားခဲ့သည့် ချိုဟွန်အာ၏ ဖခင် ကိုရီးယားအဲလေကြောင်းလိုင်းဥက္ကဋ္ဌ ချိုယန်ဟိုသည် အသက် ၇၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

ချိုယန်ဟိုသည်လည်းလုပ်ပိုင်ခွင့်အလွဲသုံးစားမှု၊ အခွန်ရှောင်မှု စသည့် စွဲချက်အများအပြားနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ မိသားစုနှင့် ပတ်သက်၍ နာမည်ပျက်စရာအဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သောကြောင့် လေကြောင်းလိုင်းရှယ်ယာပိုင်ရှင် များက ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကမဲခွဲကာ ချိုယန်ဟိုကိုကုမ္ပဏီဘုတ်အဖွဲ့မှ  ထုတ်ပယ်ခဲ့ကြသည်။

လေကြောင်းလိုင်းဥက္ကဋ္ဌ ရာထူးသည် ဘုတ်အဖွဲ့ဝင်ဖြစ်ရန် မလိုသောရာထူးဖြစ်သောကြောင့် ချိုသည်  ဥက္ကဋ္ဌ ရာထူးကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ချိုသည် အမေရိကန်ပြည်ထောင်စုတွင် အဆုတ်ရောဂါဖြင့် ဆေးကုသမှုခံယူရင်းကွယ်လွန်ခဲ့ကြောင်းကုမ္ပဏီကထုတ်ပြန်ခဲ့သော်လည်းအသေးစိတ်  ထည့်သွင်းဖော်ပြခြင်းမရှိပေ။

ချို၏ အကြီးဆုံးသမီး ချိုဟွန်အာသည် ၂၀၁၄ ခုနှစ်ကကိုရီးယားအဲလေကြောင်းလိုင်းဝန်ဆောင်မှုဌာနအကြီးအကဲဆောင်ရွက်စဉ်ကလေယာဉ်အမှုထမ်းက ၎င်းကိုသစ်ကြားသီးတည်ခင်းရာတွင် ပန်းကန်ပြားဖြင့် မတည်ခင်းဘဲအခြားခရီးသည်များနည်းတူစက္ကူအိတ်ဖြင့် တည်ခင်းမှုကြောင့်ဟုဆိုကာဒေါသူပုန်ထပြီးနယူးယောက်ရှိ  ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှ  ထွက်ခွာလုနီးလေယာဉ်ကိုလေဆိပ်သို့ ပြန်ကပ်ခိုင်းကာလေယာဉ်အမှုထမ်းကိုလည်းလေယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့မှုသတင်းကြောင့် ကမ္ဘာတစ်ဝန်းနာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီးလေကြောင်းလုံခြုံရေးဥပဒေချိုးဖောက်မှုဖြင့်လည်းထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသည်။

အထက်တရားရုံးကထောင်ဒဏ်ကိုဆိုင်းငံ့ပေးခဲ့သဖြင့် စောစီးစွာ ပြန်လည်လွတ်မြောက်ခွင့် ရရှိခဲ့သည်။