အမေရိကန် အမိမြေလုံခြုံရေးအကြီးအကဲရာထူးမှနုတ်ထွက်

အမေရိကန် အမိမြေလုံခြုံရေးအကြီးအကဲရာထူးမှနုတ်ထွက်

အမေရိကသမ္မတဒေါ်နယ်ထရမ့်၏ အငြင်းပွားဖွယ် နယ်စပ်လုံခြုံရေးဥပဒေများကိုဦးဆောင်အသက်သွင်းပေးခဲ့ရသည့် အမိမြေလုံခြုံရေးဝန်ကြီးဌာနဝန်ကြီးကီယာစတန်နယ်ဆင်သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။

အမိမြေလုံခြုံရေးဝန်ကြီးဌာနကိုတာဝန်ယူခွင့် ရရှိခဲ့ခြင်းသည် ဘဝတစ်သက်တာဂုဏ်ယူစရာဖြစ်ကြောင်းမစ္စ နယ်ဆင်ကပြောသည်။

မစ္စ နယ်ဆင်၏ နေရာတွင် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးကော်မရှင်နာကီဗင် မက်လီနန်ကအစားထိုးတာဝန်ယူမည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရမ့်က တွစ်တာကတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။ 
    မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်ရေး၊ ခိုလှုံသူမိသားစုများအားတကွဲတပြားဖမ်းဆီးထားမှု စသည့် ကိစ္စရပ်များတွင် သမ္မတထရမ့်၏ ညွှန်ကြားချက်များကိုမစ္စ နယ်ဆင်သည် ဦးစီးဖော်ဆောင်ခဲ့ရသူဖြစ်သည်။

မည်သည့်အတွက်ကြောင့် ရာထူးနုတ်ထွက်ကြောင်းကိုမစ္စ နယ်ဆင်သည်  နုတ်ထွက်စာတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိ။ “ယခုအချိန်သည် မိမိဘေးဖယ်ပေးရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်” ၊ “အမေရိကန်မြေသည် မိမိတာဝန်စယူချိန်ကထက် ပိုပြီးဘေးကင်းလုံခြုံနေပြီ” စသည်တို့ကိုသာထည့်သွင်းဖော်ပြထားသည်။

မက္ကဆီကိုနယ်စပ်ကိုပိတ်ပစ်မည်ဟုပြီးခဲ့သည့်  သီတင်းပတ်များကသမ္မတထရမ့်သည် ခြိမ်းခြောက်ခဲ့သော်လည်းနောက်ပိုင်းတွင် စကားပြန်လျှော့ချပြီးအမေရိကန်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများစီးဝင်နေခြင်းလုံးဝရပ်တန့်သွားအောင်လုပ်ရန်  မက္ကဆီကိုအချိန်တစ်နှစ် ထပ်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

မစ္စ နယ်ဆင်သည် ၂၀၁၇ ဇန်နဝါရီကအမိမြေလုံခြုံရေးဝန်ကြီး ဂျွန် ကယ်လီ၏ လက်ထောက်အဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းတွင်  ဝန်ကြီးအဖြစ်ရာထူးတိုးမြှင့်ခံရခြင်းဖြစ်သည်။