အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် အမေရိကန် အစိုးရကစိုင်းပြင်းနေကြောင်းအမည်မဖော်သူထိပ်တန်းအရာရှိများကအတည်ပြုပြောကြားထားသည်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်၊ ယီမင်တို့တွင် အကြမ်းဖက်အဖွဲ့အစည်းများကိုထောက်ခံအားပေးနေသလို၊ အစ္စရေးဆန့်ကျင်ရေးအုပ်စုများကိုလည်းအရှေ့အလယ်ပိုင်းဒေသတွင်းသာမကကမ္ဘာတစ်ဝန်းတွင်ပါ အားပေးလျက်ရှိကြောင်းအမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ်များတောက်လျှောက် ပြစ်တင်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရက နိုင်ငံတစ်နိုင်ငံ၏ တပ်ဖွဲ့တစ်ခုလုံးကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုသည်လည်းယခုအကြိမ်တွင် ပထမဆုံးဖြစ်ကြောင်းတွေ့ရသည်။
အမည်မဖော်သည့် အမေရိကန် အဆင့်မြင့်အရာရှိနှစ်ဦးနှင့် လွှတ်တော် တာဝန်ရှိသူတစ်ဦးတို့က ထိုသတင်းမှန်ကန်ကြောင်းအတည်ပြုထားကြသည်။
အီရန် နိုင်ငံခြားရေးဝန်ကြီးမိုဟမ္မဒ် ဂျာဗတ် ဇာရစ်သည်လည်းအမေရိကန်၏ အစီအစဉ်ကိုရိပ်မိထားသည့်အသွင်ရှိပြီးဧပြီ ၇ ရက်က ၎င်း၏ တွစ်တာတွင် “သမ္မတထရမ့်အနေဖြင့် နောက်ထပ် အမေရိကန်ဒုက္ခရောက်မည့်အခြေအနေမျိုးမဖန်တီးသင့်ကြောင်း” ရေးသားထားသည်ကိုတွေ့ရသည်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အမေရိကန်ပိုင်နက်အတွင်းပိုင်ဆိုင်မှုများကိုလည်းထိန်းချုပ်ထားရန်အမေရိကန်အစိုးရကစီစဉ်နေကြောင်းဝေါစထရိဂျာနယ်ကဖော်ပြသည်။
တော်လှန်ရေးအစောင့်တပ်၏ သြဇာသည် အီရန်စီးပွားရေးအပေါ် ကျယ်ပြန့်စွာသက်ရောက်မှုရှိသောကြောင့် အမေရိကန်ဆန်ရှင်များသည် ထိရောက်မှု အကန့်အသတ်နဲ့သာရှိနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများကသုံးသပ်ထားသည်။

















