ယာဉ်နောက်လိုက်က ယာဉ်မောင်းကို ဓားဖြင့်ထိုးသတ်မှု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီ ၇ ရက် မွန်းလွဲ ၂နာရီခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁) ရပ်ကွက်၊ စက်မှုဇုန်လမ်းရှိ YBS-9 ဂိတ်တွင် လူတစ်ဦးဓားဖြင့် အထိုးခံရကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက် စစ်ဆေးခဲ့ရာ ကျောက်တန်းမြို့မုန့်ဖို့မန်ပြေလမ်း နေ ကိုကိုအောင်(ခ)ကြွက်မြီး (၃၂ နှစ်)သည် YBS-9 ဂိတ်ရှိ ဂိတ်တဲကွပ်ပစ်ပေါ်တွင် ဝဲဘက်နံရိုးအောက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ယာရင်အုံထိုးသွင်း ဒဏ်ရာတစ်ချက်၊ယာပုခုံးအပေါ် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာကျော နောက် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ ရရှိ် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာက ဂိတ်မှူးဦးခင်ဇော်ကို စုံစမ်းချက်အရ သေဆုံးသူသည် YBS-4 မီနီဘတ်စ် ယာဉ်မောင်းနှင်သူ ဖြစ်ပြီး သာကေတမြို့နယ်နေ ယာဉ်နောက်လိုက် ကျော်ကိုကိုလှိုင်း(ခ)တောက်တက်(၂၅နှစ်)နှင့် စကားများရန်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။
ကားဆီဖြည့်ရာတွင် ဆီမပြည့်သည့်ကိစ္စ စကားများခဲ့ကြခြင်းဖြစ်သည်။
ထိုသို့စကားများရန်ဖြစ်စဉ် ကျော်ကိုကိုလှိုင်း(ခ) တောက်တက်က ကိုကိုအောင်ကို ဓားဖြင့်ထိုးပြီးထွက်ပြေးသွားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၆၆၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူကို ဧပြီ ၇ ရက်ည ၈ နာရီတွင် ဖမ်းဆီးရမိခဲ့သည်။
သက်ဆိုင်ရာ၏ ဆက်လက်စုံစမ်းချက်များအရ မတ် ၂၃ ရက်မှစတင်ကာ ဆီဖြည့်သည့်အခါတိုင်း ဆီမပြည့်ကြောင်း၊ ဆီခိုးကြောင်း သေဆုံးသူက ကျော်ကိုကိုလှိုင်း(ခ) တောက်တက်ကို မကြာခဏပြောဆိုခဲ့မှု အပေါ် ဒေါသအလျောက် ပြုမူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

















