ဖောက်ပြန်သည်ဟု စွပ်စွဲသည့်ခင်ပွန်းကို ဇနီးကဓားဖြင့်ထိုးသတ်

ဖောက်ပြန်သည်ဟု စွပ်စွဲသည့်ခင်ပွန်းကို ဇနီးကဓားဖြင့်ထိုးသတ်

ဖောက်ပြန်ကြောင်း စွပ်စွဲပြောဆိုသူခင်ပွန်းကို ဇနီးကဓားဖြင့်ထိုးသတ်မှု လောင်းလုံမြို့နယ် ပန်းတင်အင်းကျေးရွာတွင် ဧပြီ ၇ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၇ နာရီခန့်တွင် လောင်းလုံမြို့နယ် ပန်းတင်အင်းကျေးရွာနေ လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ ဓားဒဏ်ရာဖြင့် သေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာ၏စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်တွင် စိုးထက်ဦး(၃၆)နှစ်သည် ဝဲရင်ညွန့်ထိုးစိုက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
သေဆုံးသူနှင့်ဇနီး အေးအေးသင်း(၂၅)နှစ်တို့နှစ်ဦး နေအိမ်တွင် ရှိနေစဉ် သေဆုံးသူက အေးအေးသင်းကို အခြားအမျိုးသားနှင့် ဖောက်ပြန်နေကြောင်း စွပ်စွဲပြောဆိုကာ ဆံပင်ကိုဆွဲ၍လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကြောက်စဉ် အေးအေးသင်းက နေအိမ်မီးဖိုချောင်စားပွဲပေါ်ရှိ အရိုးအသွား ၁၀ လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် စိုးထက်ဦး၏ဝဲဘက်ရင်ညွန့်ကို ထိုးခဲ့ခြင်းဖြစ်သည်။

မောင်းမကန်နယ်မြေရဲစခန်းက (ပ)၁၄/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။