ဖေ့စ်ဘွတ်ခ်နှင့် ဂူဂဲလ်ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများအား ပိုမိုဖိအားပေးရန် ဥရောပနိုင်ငံများစီစဉ်

ဖေ့စ်ဘွတ်ခ်နှင့် ဂူဂဲလ်ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများအား ပိုမိုဖိအားပေးရန် ဥရောပနိုင်ငံများစီစဉ်

ဖေ့စ်ဘွတ်ခ်နှင့် ဂူဂဲလ်ကဲ့သို့ နည်းပညာကုမ္ပဏီများသည် ၎င်းတို့၏ဝက်ဘ်ဆိုက်များရှိ အကြမ်းဖက်မှုဆိုင်ရာဝါဒဖြန့်ချိမှုနှင့် ကလေးငယ်ဆိုင်ရာညစ်ညမ်းအကြောင်းအရာများကဲ့သို့ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးရှိစေသော အကြောင်းအရာများကို ဖယ်ရှားပေးရေးအတွက် ဥရောပနိုင်ငံများသည် ဧပြီ ၈ ရက်တွင် တင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ခဲ့သည်။

လူမှုမီဒီယာရှိ အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများကို ဖယ်ရှားခြင်းမပြုသည့် လူမှုမီဒီယာကုမ္ပဏီများ၏အမှုဆောင်အရာရှိများကို ဒဏ်ငွေချမှတ်ပြီး ပိုမိုဆိုးရွားသည့် အခြေအနေများတွင် ကုမ္ပဏီများကို ပိတ်ပင်မည့် အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းရန် ဗြိတိန်က တောင်းဆိုခဲ့သည်။

အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများကို တင်ပြီး တစ်နာရီအတွင်းဖယ်ရှားရန်နှင့် ယင်းသို့ မဖယ်ရှားနိုင်ခဲ့ပါက ဒေါ်လာဘီလျံပေါင်းများစွာဒဏ်ငွေကောက်ခံမည့် ဥပဒေကြမ်းတစ်ခုကို ဥရောပသမဂ္ဂလွှတ်တော်ကော်မတီတစ်ရပ်က အတည်ပြုခဲ့သည်။

နည်းပညာကုမ္ပဏီများ၏ ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ယူလာစေရေးအတွက် ဖိအားပေးနေခြင်းဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ပြောဆိုခဲ့သည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏လုပ်ရပ်ကြောင့် တီထွင်ဖန်တီးမှုအားနည်းသွားပြီး ကုမ္ပဏီငယ်များသည် ဒဏ်ငွေကိုပေးဆောင်နိ်ုင်ရန် အင်အားမရှိသောကြောင့် နည်းပညာကုမ္ပဏီကြီးများသာ အင်အားပိုကြီးသွားလိမ့်မည်ဖြစ်ကြောင်း ဆန့်ကျင်သူများက ပြောဆိုခဲ့သည်။

မတ် ၁၅ ရက်တွင် နယူးဇီလန်၌ ဗလီနှစ်ခုတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည့် သေနတ်သမားသည် ပစ်ခတ်နေမှုကို ဖေ့စ်ဘွတ်ခ်တွင် တိုက်ရိ်ုက်ထုတ်လွှင့်ခဲ့ပြီးထုတ်လွှင့်မှုသည် ၁၇ မိနစ်ကြာမြင့်ခဲ့သည်။

တိုက်ခိုက်မှုဆိုင်ရာဗီဒီယို ၁ ဒသမ ၅ သန်းကို ၂၄ နာရီအကြာတွင် ရှင်းလင်းနိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပေးထားသည့် အမေရိကန်ပြည်ထောင်စု၌မူ ဥရောပနိုင်ငံများကဲ့သို့ တင်းကျပ်စွာကျင့်သုံးနိုင်ခြင်းမရှိပေ။

အမုန်းတရားဖြန့်ချိရေးစကားနှင့် လူဖြူအမျိုးသားရေးဝါဒကို ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီများက လုံလောက်အောင် တားဆီးနိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ အောက်လွှတ်တော်ရှိကော်မတီတစ်ရပ်က ယင်းကုမ္ပဏီအမှုဆောင်အရာရှိများအား ဧပြီ ၉ ရက်တွင် မေးခွန်းထုတ်ခဲ့သည်။

လူမှုမီဒီယာရှိ ရက်စက်ကြမ်းကြုတ်သော အကြောင်းအရာများကို အချိန်တိုတွင်းမဖယ်ရှားနိုင်ခဲ့ပါက ယင်းကဲ့သို့ ပျက်ကွက်မှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်သည့် ဥပဒေတစ်ခုကို သြစတြေးလျက လွန်ခဲ့သော အပတ်တွင် အတည်ပြုခဲ့သည်။

အဆိုပါပြစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် နှင့် သြစတြေးလျဒေါ်လာ ၁၀ ဒသမ ၅ သန်း( အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း) ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သလို ပြစ်မှုကြီးမားပါကလည်း ကုမ္ပဏီ၏တစ်နှစ်ပတ်လုံးအမြတ်ငွေ ၁၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ်ချမှတ်ခံရမည်ဖြစ်သည်။