လစ်ဗျားနိုင်ငံတွင် မြို့တော်ထရီပိုလီကိုထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂနောက်ခံပြုအစိုးရနှင့် စင်ပြိုင်တပ်ဖွဲ့ အကြား တိုက်ပွဲများအရှိန်မြင့်တက်နေပြီး နှစ်ဘက်အပစ်ရပ်၍ စတင်ဆွေးနွေးစေ့စပ်ကြရန် နိုင်ငံတကာက တိုက်တွန်းနေသည်။
စစ်ဘုရင် ခါလီဇာဟက်ဖ်တာ၏ အယ်လ်အင်အေတပ်များသည် ထရီပိုလီမြို့လယ်မှ ငါးမိုင်အကွာရှိ မီတီဂါလေဆိပ်ကို သိမ်းပိုက်နိုင်ပြီဟုဧပြီ ၆ ရက်ကကြေညာခဲ့ပြီး အစိုးရဘက်ကလေကြောင်းမှတစ်ဆင့် ပြန်လည် တိုက်ခိုက်ခဲ့ကာ ဧပြီ ၈ ရက်၌ ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ကြေညာခဲ့သည်။
ဟက်ဖ်တာသည် ထရီပိုလီသိမ်းပိုက်ရေး စစ်ဆင်မှု စတင်ကြောင်း ပြီးခဲ့သည့်အပတ်ကကြေညာ၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအနောက်ပိုင်းကို ထိန်းချုပ်ထားသည့် ဟက်ဖ်တာက ထိုးစစ်ဆင်လာခြင်းကို အစိုးရဘက်မှ ပြည်သူ့စစ်အဖွဲ့များက ပူးပေါင်းခုခံနေကြသည်။
နောက်ဆုံးတိုက်ပွဲများကြောင့် လူ ၃၄၀ဝ ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ထိခိုက်သူများကိုကူညီမည့် အရေးပေါ်အဖွဲ့များ ပိတ်ဆို့ခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောသည်။
ကယ်ဆယ်ရေးမှဆရာဝန်နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။
ဟက်ဖ်တာတပ်ဖွဲ့က ၄င်းတို့တပ်ဖွဲ့ဝင် ၂၂ ဦးကျဆုံးကြောင်း ကြေညာခဲ့ပြီး ထရီပိုလီကျန်းမာရေးဌာနက အရပ်သားများအပါအဝင် ၂၇ ဦးသေဆုံး၊ ၂၇ ဦးဒဏ်ရာရကြောင်း ကြေညာခဲ့သည်။
ဟက်ဖ်တာတပ်များကို ကျောထောက်နောက်ခံပြုသည့် လစ်ဗျားအရှေ့အခြေစိုက် ပါလီမန်ခေါင်းဆောင် အဂီလာဆာလက်က ထရီပိုလီသည် ပြည်သူ့စစ်များ၏ပြန်ပေးဆွဲခြင်းခံထားရ၍ အယ်လ်အင်န်အေတပ်များက လွတ်မြောက်အောင် ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း ကိုင်ရိုမြို့တွင် ပြောဆိုခဲ့သည်။
ယင်းသို့ပြောဆိုခြင်းမပြုမီ ဆာလက်သည် အာရပ်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး အာမက်အက်ဘိုလ်ဂစ်နှင့် တွေ့ဆုံခဲ့သည်။
အမေရိကန်သည် လစ်ဗျားတွင် အကြမ်းဖက်ဆန့်ကျင်ရေးကူညီရန်နှင့် သံတမန်များကိုကာကွယ်ရန် ဖြန့်ချထားသည့် ကမ်းတက်တပ်သားအချို့ကိုယာယီပြန်လည်ရုပ်သိမ်းခဲ့ကြောင်းဧပြီ ၇ ရက်ကထုတ်ပြန်ခဲ့သည်။
အခြေအနေများပိုမိုဆိုးရွားလာ၍ ထရီပိုလီရှိ ထိန်းသိမ်းရေးစခန်းမှ ရွှေ့ပြောင်းများအတွက်လည်း စိုးရိမ်ပူပန်ကြောင်း လစ်ဗျားရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုပူးပေါင်းကူညီသူ မာရီယာဒိုဗာလီရီဘိုင်ရိုက ပြောဆိုခဲ့သည်။

















