ဘရက်ဇစ် ရက်ထပ်တိုးခွင့်ရရေး အတိုက်အခံများနှင့်အီးယူခေါင်းဆောင်များကို ထရီဆာမေ စည်းရုံး

ဘရက်ဇစ် ရက်ထပ်တိုးခွင့်ရရေး အတိုက်အခံများနှင့်အီးယူခေါင်းဆောင်များကို ထရီဆာမေ စည်းရုံး

ဗြိတိန်သည် ဧပြီ ၁၂ တွင် ဥရောပသမဂ္ဂ (အီးယူ) မှ နုတ်ထွက်ရတော့မည်ဖြစ်ရာဇွန် ၃၀ ထိရက်ထပ်တိုးပေးရန် ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေသည် ဥရောပသမဂ္ဂ ခေါင်းဆောင်များကိုအချိန်လုစည်းရုံးလျက်ရှိသလို၊ နုတ်ထွက်ရေးသဘောတူချက် (ဘရက်ဇစ်) ကို ပြည်တွင်းအတိ်ုက်အခံများကထောက်ခံလာရေးလည်း ကြိုးပမ်းလျက်ရှိသည်။

ဥရောပသမဂ္ဂနိုင်ငံခေါင်းဆောင်များသည် ဗြိတိန်အားဇွန် ၃၀ ရက်အထိ ရက်ထပ်တိုးပေးသင့်မသင့်ကို ဧပြီ  ၁၀ရက်တွင် ဘရပ်ဆဲမြို့၌  ဆွေးနွေးမည်ဖြစ်ကာအဖွဲ့ဝင် ၂၇ နိုင်ငံလုံးကထောက်ခံပါမှ ရက်ထပ်တိုးခွင့်ရမည်ဖြစ်သည်။

ထောက်ခံမှုမရပါက ဗြိတိန်သည် ဧပြီ  ၁၂  ရက် ဗြိတိန်စံတော်ချိန် ၂၃ နာရီတွင် ဥရောပသမဂ္ဂမှ  ထွက်ခွာရမည်ဖြစ်သည်။

ဥရောပနိုင်ငံခေါင်းဆောင်အချို့သည် ဗြိတိန်၏ မပြတ်သားမှုကိုစိတ်ကုန်နေကြပြီဖြစ်ပြီး ပြင်သစ်သမ္မတဧမာနွေလ မာခရွန်ကလည်း ဗြိတိန် ပြည်တွင်းရေးပဋိပက္ခတွင် ဥရောပသမဂ္ဂနိုင်ငံများက ဓားစာခံဖြစ်နေရခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြစ်တင်ပြောကြားထားသည်။

ဗြိတိန်ဝန်ကြီးချုပ် မေသည်  ဧပြီ ၈  ရက်တွင်  ဥရောပနိ်ုင်ငံခေါင်းဆောင်အများအပြားထံဖုန်းခေါ်ကာဘရက်ဇစ် ရက်ထပ်တိုးရေးစည်းရုံးခဲ့သလို၊ ဧပြီ ၉ ရက်တွင်လည်းဂျာမနီနှင့် ပြင်သစ်သို့ သွားရောက်ကာဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်နှင့် ပြင်သစ် သမ္မတမာခရွန်တို့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကာထောက်ခံမှုရရေးဆွေးနွေးသွားရန်ရှိသည်။

ဝန်ကြီးချုပ်မေသည် ဘရက်ဇစ်အရေးကိုအလေးအနက်ထားဆောင်ရွက်နေခြင်းဖြစ်သောကြောင့် ဥရောပခေါင်းဆောင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်  ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဂျယ်ရမီဟန့်ကလည်းတိုက်တွန်းနှိုးဆော်ထားသည်။