ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်များအရည်ပျော်နှုန်းသည် သိပ္ပံပညာရှင်များတွက်ချက်ထားသည်ထက်ပိုပြီး မြန်ဆန်စွာအရည်ပျော်လျက်ရှိသည်။
လေ့လာမှုအသစ်အရတစ်နှစ်လျှင် နှင်းနှင့်ရေခဲတန်ချိန် ၃၆၉ ဘီလျံအရည်ပျော်လျက်ရှိပြီးထက်ဝက်ခန့်သည် မြောက်အမေရိကတိုက်မှဖြစ်သည်။
ကမ္ဘာ့ရေခဲမြစ်များသည် ၁၉၆၀ ပြည့်နှစ်များကထက် ငါးဆပို၍ မြန်မြန် အရည်ပျော်လျက်ရှိကြောင်းလည်းလေ့လာမှုကဖော်ပြသည်။
ကမ္ဘာတစ်ဝန်း နှင်းအဖြစ်မှ သိပ်သည်းကာရေခဲအဖြစ်သို့ ကူးပြောင်းနှုန်းသည်လည်း ၂၀၁၃ ခုနှစ်က နိုင်ငံတကာသိပ္ပံပညာရှင်များတွက်ချက်ခဲ့စဉ်ကထက် ၁၈ ရာခိုင်နှုန်းလျော့ကျသွားသည်။
ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲများအရည်ပိုပျော်ကာပင်လယ်ရေမျက်နှာပြင်သည်လည်း မြင့်တက်လျက်ရှိကြောင်းလေ့လာမှုစစ်တမ်းကဆိုသည်။
ဇူးရစ်တက္ကသိုလ်ရှိကမ္ဘာ့ရေခဲမြစ်များစောင့်ကြည့်ရေးဌာနကလေ့လာမှုစစ်တမ်းအသစ် ထုတ်ပြန်ခြင်းဖြစ်သည်။ဥရောပအလယ်ပိုင်း၊ ကော့ကေးဆပ်ဒေသ၊ ကနေဒါအနောက်ပိုင်း၊ အမေရိကန်ပြည်ထောင်စုအောက်ပိုင်း ၄၈ ပြည်နယ်၊ နယူးဇီလန်နှင့် အပူပိုင်းဇုန်ဒေသများမှ ရေခဲမြစ်များအရည်ပျော်နှုန်းအမြန်ဆုံးဖြစ်နေသည်။
အထက်ပါဒေသများမှ ရေခဲမြစ်များသည် တစ်နှစ်လျှင်၁ ရာခိုင်နှုန်းကျော်အရည်ပျော်လျက်ရှိကြောင်း “သဘာဝ” ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုစစ်တမ်းက ဆိုသည်။
၁၉၆၁ ခုနှစ်ကစတင်ကာကမ္ဘာပေါ်တွင် နှင်းထုနှင့် ရေခဲတန်ချိန် ၁၀ ဒသမ ၆ ထရီလီယံတန် အရည်ပျော်ဆင်းခဲ့ရာထိုပမာဏသည် အမေရိကန်ပြည်ထောင်စုအောက်ပိုင်း ၄၈ ပြည်နယ်ကိုရေခဲထု ၄ ပေနှင့် ဖုံးလွှမ်းနိုင်သောပမာဏဖြစ်သည်။
ကျောက်မီးသွေးဓာတ်အားအသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပို့ဆောင်ရေးလုပ်ငန်းများအတွက် ဓာတ်ဆီ၊ ဒီဇယ်များအသုံးပြုခြင်းမှ ထွက်လာသည့် လူသားဖန်တီးသောဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာကြီးကိုပူနွေးစေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်းသိပ္ပံပညာရှင်များကတစ်ညီတညွတ်တည်းလက်ခံထားကြသည်။

















